COVID-19 ကပ်ရောဂါကာလအတွင်း မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာအချက်အလက်များ
ပညာရှင်များရဲ့ နောက်ဆုံးပေါ် လမ်းညွှန်ချက်တွေအတိုင်း သင့်ကလေးငယ်ကို အာဟာရပြည့်ဝအောင် ပြုစုပျိုးထောင်မယ်

- ရရှိနိုင်ပါသည်:
- English
- မြန်မာ
သင်ဟာမိခင်တစ်ဦး (သို့) မိခင်လောင်းဖြစ်လျှင် COVID-19 ကပ်ရောဂါကာလအတွင်း သင့်ရင်သွေး၏ လုံခြုံမှုအတွက် မေးခွန်းများရှိခြင်းသည် ပုံမှန်ဖြစ်ပြီး သဘာဝကျပါသည်။
မိခင်နို့တိုက်ကျွေးခြင်းကို အားပေးထောက်ခံသင့်ကြောင်း သက်သေအထောက်အထားများစွာရှိပါသည်။ နို့တိုက်ခြင်း သို့မဟုတ် မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် COVID-19 ကူးစက်မှုကိုမတွေ့ရှိရသေးပါ။ မိခင်နို့တိုက်ခြင်း၊ အရေပြားအချင်းချင်းထိတွေ့ခြင်းနှင့် မိခင်နို့တမျိုးတည်းသာတိုက်ကျွေးခြင်းသည် သင့်ကလေးငယ်ကို ကောင်းမွန်စွာရှင်သန်ကြီးထွားစေပြီး တသက်တာကျန်းမာရေးအကျိုးကျေးဇူးများအတွက် ထောက်ပံ့ပေးပါသည်။
ကျန်းမာနေသည်ဖြစ်စေ၊ COVID ရဲ့လက္ခဏာတွေကို ခံစားနေရသည်ဖြစ်စေ၊ သင်နှင့် သင့်ကလေးငယ်အတွက် အလုံခြုံ စိတ်အချရဆုံးအတွေ့အကြုံကို ကူညီထောက်ပံ့ပေးနိုင်ဖို့ မိခင်လောင်းများနှင့် မိခင်အသစ်တွေ အမေးများတဲ့ မေးခွန်းတွေရဲ့ အဖြေအချို့ကို အောက်တွင်ဖော်ပြထားပါသည်။
ကပ်ရောဂါကာလအတွင်း မိခင်နို့တိုက်သင့်ပါသလား။
ကပ်ရောဂါကာလအတွင်း မိခင်နို့တိုက်သင့်ပါတယ်။ ယနေ့အထိ COVID-19 ဗိုင်းရပ်စ်သည် မိခင်နို့တိုက်ကျွေးခြင်းမှတစ်ဆင့် ကူးစက်သည်ဆိုသော သက်သေအထောက်အထားမရှိပါ။
မိခင်နို့ရည်သည် ကလေးငယ်များကို ဘက်စုံကျန်းမာသန်စွမ်းစေပြီး ရောဂါပိုးများစွာကို ကာကွယ်ပေးနိုင်သော ပဋိပစ္စည်းများအနေဖြင့် ပံ့ပိုးပေးပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်များနှင့် ရင်ခွင်ပိုက်ကလေးငယ်များတွင် သေဆုံးနိုင်ခြေကို သိသိသာသာလျော့ကျစေ၍ ကလေးငယ်များအတွက် တသက်တာအတွက် ရေရှည်ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးကောင်းများကို ဖြစ်ပေါ်စေပြီး မိခင်များ၏ ကျန်းမာရေးကိုလည်း တိုးတက်စေပါသည်။
သင်၏ မွေးကင်းစကလေးငယ်နှင့် အသားချင်းထိတွေ့ပေးခြင်းဆောင်ရွက်ပါ။ မိမိရဲ့ မွေးကင်းစကလေးငယ်ကို မိမိနှင့် နီးနီးကပ်ကပ်နေပေးခြင်းသည် မိခင်နို့တိုက်ကျွေးမှုကို စောစောစီးစီးလုပ်နိုင်စေပါသည်။ “အချိန်”သည် အရေးကြီးဆုံးဖြစ်၍ မီးဖွားပြီး ပထမတစ်နာရီအတွင်း မိခင်နို့တိုက်ခြင်းကို စတင်ရန်တိုက်တွန်းပါသည်။
သင့်ကလေးငယ်အသက်သည် ၆ လ (သို့မဟုတ်) ၆လ အောက်ငယ်ပါက ကလေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်သင့်ပါသည်။ သင့်ကလေးငယ်၏ အသက် ၆လကျော်ပါက ကျန်းမာရေးနှင့်ညီညွတ်သော ဖြည့်စွက်အစားအစာများနှင့်အတူ ဆက်လက်နို့တိုက်ကျွေးခြင်းကို ဆောင်ရွက်ပါ။
>> ၆ လမှ ၁၂ လအရွယ် ကလေးငယ်များအတွက် ကျွန်ုပ်တို့၏ နို့တိုက်ကျွေးနည်းများ
မိမိမှ မိမိကလေးငယ်သို့ နို့တိုက်ခြင်းအားဖြင့် COVID-19 ကူးစက်နိုင်ပါသလား။
ယနေ့အချိန်အထိ COVID-19 (ကူးစက်စေနိုင်သောဗိုင်းရပ်စ်)ကို COVID-19ရှိသော မိခင်၏နို့ရည်တွင် မတွေ့ရှိရသေး၍ COVID-19သည် မိခင်နို့မှတစ်ဆင့် ကူးစက်နိုင်ချေမရှိပါ။ သုတေသီများသည် COVID-19ရောဂါကူးစက်ခံရပြီးဟု အတည်ပြုထားသောမိခင်များနှင့် ကူးစက်ခံသံသယရှိသောမိခင်များ၏ နို့ရည်ကို ဆက်လက်စမ်းသပ်နေဆဲ ဖြစ်ပါသည်။
>> ကလေးငယ်နို့တိုက်ခြင်းနှင့် ပတ်သက်၍ Mini Parenting Master Class ကိုကြည်ရန်
မိမိတွင် COVID-19 ရှိသည် သို့မဟုတ် ရှိနိုင်သည်ဟု သံသယရှိလျှင် နို့တိုက်သင့်ပါသလား။
သင့်လျော်သည့်ကြိုတင်ကာကွယ်မှုများကိုပြုလုပ်၍ နို့တိုက်ခြင်းကိုဆက်လက်ပြုလုပ်သင့်ပါသည်။ မိခင်နို့နှင့် နို့တိုက်ခြင်းမှတစ်ဆင့် COVID-19 ကူးစက်မှုကို မတွေ့ရှိရသေးပါ။
သတိထားရမည့်အချက်များမှာ ဆေးဘက်ဆိုင်ရာအသုံးပြု ပါးစပ်နှင့် နှာခေါင်းစည်းရှိပါက တပ်ဆင်ခြင်း၊ လက်ကို ရေ၊ဆပ်ပြာနှင့်ဆေးခြင်း (သို့) သင့်ကလေးငယ်ကို မထိတွေ့မီနှင့်ထိတွေ့ပြီး အရက်ပြန်ပါ၀င်သော လက်ဆေးရည်ဖြင့်ဆေးခြင်းနှင့် သင်ထိတွေ့ခဲ့သောမျက်နှာပြင်များကို ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်ခြင်းတို့ ပါဝင်ပါသည်။ ပါးစပ်ကိုမဖုံးအုပ်မိပဲ နှာချေမိမှသာလျှင် မိမိရင်ဘတ်ကို ဆေးကြောရန် လိုအပ်ပါသည်။ နှာမချေဘူးဆိုလျှင် နို့မတိုက်မီတိုင်း မိမိရင်သားကို ဆေးကြောစရာမလိုအပ်ပါ။
>> COVID-19 ကိုကာကွယ်ဖို့ လက်ကို ဘယ်လို အကောင်းဆုံးဆေးကြမလဲ။
>> COVID-19 နှင့် ပါးစပ်၊နှာခေါင်းစည်းများ - မိသားစုများအတွက်သိကောင်းစရာများ။
မိမိနို့တိုက်နေချိန် ဒါမှမဟုတ် (သိုလှောင်)သိမ်းဆည်းထားသော မိခင်နို့ရည် တိုက်နေသောကာလတွင် COVID-19 ကာကွယ်ဆေးကို ထိုးသင့်ပါသလား။
နို့တိုက်နေသော သို့မဟုတ် နို့ရည်ထွက်နေသော နေကောင်းကျန်းမာသူမိခင်များအတွက် COVID-19 ကာကွယ်ဆေးကို ထိုးဖို့ တိုက်တွန်း အကြံပြုပါသည်။
COVID-19 ကာကွယ်ဆေးရရှိပြီးနောက် မိခင်နို့ဆက်လက်တိုက်ရန် လုံခြုံပါသလား။
သင့်ကလေးငယ်ကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးပြီးလျှင် ဆက်လက်၍နို့တိုက်သင့်ပါသည်။ WHO မှအတည်ပြုထားသည့် လက်ရှိအသုံးပြုနေသော COVID-19ကာကွယ်ဆေးများအားလုံးတွင် ဗိုင်းရပ်စ်ပိုး မပါ၀င်သောကြောင့် နို့ရည်မှတစ်ဆင့် သင့်ကလေးငယ်ကို ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ချေမရှိပါ။
နို့တိုက်ရန် နေလို့မကောင်းဖြစ်လျှင် မိမိ ဘာလုပ်ရမလဲ။
မိခင်အနေဖြင့်နို့တိုက်ရန်နေမကောင်းဖြစ်နေလျှင် သင့်ကလေးငယ်ကို မိခင်နို့ စိတ်ချစွာတိုက်ကျွေးနိုင်ရန် အခြားနည်းလမ်းများကိုကြိုးစားရှာဖွေပါ။ နို့ရည်ကိုထုတ်ပြီးသန့်ရှင်းသောခွက် (သို့) ဇွန်းမှတစ်ဆင့် သင့်ကလေးငယ်ကို တိုက်ကျွေးပါ။ မိမိရဲ့နေထိုင်ရာဒေသမှာရနိုင်လျှင် အလှူရှင်(donor human milk )မိခင်နို့ရည်တိုက်ကျွေးရန်လည်း သင်စဉ်းစားနိုင်ပါသည်။ သင်ဆောင်ရွက်နိုင်သော ရွေးချယ်မှုများအကြောင်းကို သင်၏ နို့တိုက်ကျွေးရာတွင်အကြံပေးသူ (သို့) ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်နှင့် ပြောဆိုဆွေးနွေးပါ။
မိခင်နို့ရည်ကိုသိုလောင်သိမ်းဆည်းပြီး ထုပ်ပိုးထားခြင်းသည် နို့ထွက်မှုကိုထိန်းထားရန်အရေးကြီး၍ သင်နေမကောင်းဖြစ်လျှင် သင့်ကလေးငယ်အား တိုက်ကျွေးနိုင်ပါသည်။ COVID-19 အတည်ပြုပြီးသည်နှင့် သံသယရှိသည့်ကူးစက်ခံအဖြစ် စောင့်ဆိုင်းကြည့်ရှုထားရမည့် အချိန်အတွင်း ကြားအချိန်အတိအကျမရှိပါ။
မိခင်နို့ထုတ်ခြင်း (သို့) အလှူရှင်လူသားမိခင်နို့ကိုရရှိရန်မဖြစ်နိုင်ပါက ယဉ်ကျေးမှုအရ လက်ခံမှုရှိလျှင် အငှားနို့တိုက်ခြင်း သို့မဟုတ် မွေးကင်းစကလေးငယ်များအတွက် ဖော်မြူလာနို့ကိုမှန်ကန်စွာပြင်ဆင်ထား၍ အဆင်သင့်ရရှိနိုင်ပြီး လုံခြုံစိတ်ချရမှုရှိလျှင် ၎င်းကိုစဉ်းစားပါ။
မိမိကလေးငယ်ဖျားလျှင် နို့တိုက်သင့်ပါသလား။
ကလေးငယ်ဖျားလျှင် သင့်ကလေးငယ်ကို ဆက်လက်နို့တိုက်ပါ။ သင့်ရဲ့ ကလေးငယ်က COVID-19 ကူးစက်တာ ဒါမှမဟုတ် တခြားဖျားနာတာပဲဖြစ်ဖြစ်၊ သူကို မိခင်နို့ဆက်လက်တိုက်ကျွေးဖို့ အရေးကြီးပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက သင့်ကလေးငယ်ရဲ့ ခုခံအားစနစ်ကိုမြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို ကူညီတိုက်ထုတ်နိုင်ဖို့ မိခင်နို့ရည်ကနေတစ်ဆင့် ပဋိပစ္စည်းများကို ကလေးငယ်ထံသို့ ရောက်စေပါသည်။
နို့တိုက်သောအခါ မည်သည့်ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်သင့်ပါသလဲ။
လက်ဆေးခြင်းလမ်းညွှန်ချက်တွေကို သေချာလိုက်နာပါ။ သင့်ကလေးငယ်ကိုမထိတွေ့မီနှင့် ထိတွေ့ပြီး ရေ၊ဆပ်ပြာနှင့် လက်ကိုဆေးသင့်ပါသည်။ အရက်ပြန်ပါဝင်သည့်လက်ဆေးရည်ကိုလည်း သုံးနိုင်ပါသည်။ သင်ထိတွေ့ခဲ့သော မည်သည့်မျက်နှာပြင်ကိုမဆို သန့်ရှင်းရန်နှင့် ပိုးသတ်ရန်လည်း အရေးကြီးပါသည်။
မိခင်နို့ရည်စုပ်စက်များ၊ နို့သိုလှောင်ဘူးများနှင့် နို့တိုက်ကျွေးရေးအသုံးအဆောင်များကို အသုံးပြုပြီးတိုင်း ပုံမှန်ဆေးကြောပါ။
>> COVID-19 ကာလအတွင်း သင့်မိသားစုလုံခြုံစေရန် ကျွန်ုပ်တို့၏ သန့်ရှင်းရေးအကြံပေးချက်များကို ကြည့်ပါ။
>> မိဘများအတွက် နောက်ဆုံးပေါ် Coronavirus သတင်းများကိုဖတ်ပါ။
Coronavirus သည် နို့တိုက်ခြင်းအပေါ် ဘယ်လိုသက်ရောက်သလဲ။
COVID-19 ကာလအတွင်း နို့တိုက်ကျွေးခြင်းအကြောင်း အချက်အလက်များကို ပိုမိုသိရှိလိုပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်ကို ကြည့်ပါ။
Mandy Rich၊ ဒစ်ဂျစ်တယ် ဆောင်းပါးစာရေးဆရာ၊ UNICEF ၏ ဆောင်းပါး
ဤဆောင်းပါးကို မူလက ၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ ၎င်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် နောက်ဆုံးမွမ်းမံခဲ့ပါသည်။