အာဟာရပြည့်ဝအောင်ကျွေးမွေးခြင်းက ကလေးငယ်များ ကျန်းမာကြံ့ခိုင်စေဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါ
#ForEveryChild, a healthy start

- English
- မြန်မာ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အပိုင်းရှိ စက်ကွင်းကျေးရွာက လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ ရပ်ရွာလူထုအနေနဲ့ အလုပ်အကိုင်ရှာဖွေရခက်ခဲသလို ဝင်ငွေလည်း နည်းပါးကြတဲ့အတွက် မိသားစုတွေအနေနဲ့ စားဝတ်နေရေးဖူလုံဖို့အတွက် အခက်အခဲတွေ့ကြပါတယ်။
ကလေးနှစ်ယောက်မိခင်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် မချိုချိုမှာ အသက် ၇ နှစ်အရွယ်သမီးငယ်နဲ့ ရှစ်လသားအရွယ် သားငယ်ဖြစ်သူ အောင်ကိုကိုတို့ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ကိုရန်နိုင် အသက် ၂၇ နှစ်က ဆောက်လုပ်ရေးလုပ်ငန်းငယ်လေးတွေနဲ့ ရွာထဲက စိုက်ခင်းတွေမှာ နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ပါတယ်။
၈ လသားအရွယ် ကလေးငယ်မှာ အဖျားအရမ်းတက်လာတယ်ဆိုရင် မိဘတိုင်းကတော့ စိုးရိမ်မှာပါပဲ။
ဒီလိုပဲ လွန်ခဲ့တဲ့တစ်လခန့်က အောင်ကိုကို နေမကောင်းဖြစ်လာချိန်မှာ မချိုချို အနေနဲ့ အရမ်းကို စိုးရိမ်ပူပန်ခဲ့ရပါတယ်။ မိဘနှစ်ဦးက သားငယ်ကို ကျေးရွာကျန်းမာရေးဌာနကို သွားပြခဲ့ပြီးနောက်မှာ ကလေးက မြန်မြန်ဆန်ဆန်ပဲ သက်သာလာခဲ့ပါတယ်။

“သားလေးက ဖျားတော့ဖျားလိုက်တယ်၊ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး - ကျွန်မတက်ခဲ့တဲ့သင်တန်းရဲ့ကျေးဇူးကြောင့် ကျွန်မသားလေးကို စနစ်တကျကျွေးမွေးနိုင်ခဲ့လို့ သူ ကိုယ်ခံအားကောင်းနေတာ။ သားလေးက ကြံ့ခိုင်တဲ့ကလေးတစ်ယောက်ပါ” လို့ မချိုချိုက ပြုံးပြီးပြောပြပါတယ်။
အောင်ကိုကို့ကို ကိုယ်ဝန်ဆောင်ချိန်မှာ မချိုချိုက Nourish Delta ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို UNICEF နဲ့ World Vision တို့က ပံ့ပိုးပေးခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးဖို့နဲ့ ကုသမှုပေးဖို့ ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်မှာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ဗိုက်ထဲကရင်သွေးလေးရဲ့ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ သင်ကြားပေးတဲ့ သင်တန်းတွေလည်း ပါဝင်ပါတယ်။ မချိုချိုအနေနဲ့ အနုအာဟာရဖြည့်စွက်စာတွေကိုလည်း ရရှိခဲ့ပြီး ခြောက်လကြာ သောက်သုံးခဲ့ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် မချိုချိုက ကလေးကို စနစ်တကျ အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ နည်းလမ်းတွေနဲ့ ပံ့ပိုးမှုတွေ ရရှိခဲ့ပါတယ်။
“ကလေးတွေအတွက် ဒီအရွယ်မှာ အာဟာရက သိပ်အရေးကြီးတယ်ဆိုတာ ကျွန်မအခုနားလည်သွားပြီ၊ ဘာလို့လဲဆိုတော့ သူတို့သိပ်ငယ်သေးတဲ့အချိန်မှာ ရောဂါတွေကို တိုက်ဖျက်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုတယ်လေ။ ကျွန်မသားလေးက ကျန်းကျန်းမာမာနဲ့ အာဟာရပြည့်ဝနေအောင် ကူညီပေးတဲ့အတွက် ကျွန်မတို့ရွာက တခြားမိခင်တွေလိုပဲ ကျွန်မလည်း ဒီအစီအစဉ်ကို သိပ်ကျေးဇူးတင်ပါတယ်” လို့ မချိုချိုက ဆိုပါတယ်။

Japan Committee for UNICEF (ယူနီဆက်ဆိုင်ရာ ဂျပန်ကော်မတီ) ရဲ့ ပံ့ပိုးမှုကြောင့် မချိုချိုတို့ရွာက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေက Nourish Delta အစီအစဉ်ကနေ အကျိုးကျေးဇူးတွေ ရရှိခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ ပညာပေးကဏ္ဍ၊ မွေးကင်းစကလေးငယ် တိုးတက်မှုစောင့်ကြည့်စစ်ဆေးခြင်းနဲ့ နောက်ဆက်တွဲပြုစုစောင့်ရှောက်ခြင်းကဏ္ဍ၊ အသက်၂-နှစ်အောက်ကလေးငယ်များကို စနစ်တကျ အစာကျွေးနည်းများ ပညာပေး ဆွေးနွေးခြင်း၊နဲ့ အနုအာဟာရဆေးပြားများအပြင် ပြင်းထန်အာဟာရချို့တဲ့ ကလေးငယ်တွေအတွက် အဆင်သင့် စားသုံးနိုင်သော အာဟာရပြည့်အစားအစာတွေကို ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါတယ်။
“ကျွန်မမိသားစုကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့နဲ့ ကျွန်မကလေးကိုစနစ်တကျ ပြုစုစောင့်ရှောက်ဖို့အတွက် ကျွန်မကိုပေးထားတဲ့ အကြံဉာဏ်တွေအတိုင်း ကျွန်မဂရုတစိုက်လိုက်နာနေတုန်းပါပဲ။ ကျွန်မအမျိုးသားရဲ့ ဝင်ငွေက တစ်ရက်ကို တစ်သောင်းလောက်ပဲရတယ်လေ။ အလုပ်ကလည်း အမြဲတမ်းမရှိပေမယ့် ကျွန်မမိသားစုအတွက်တော့ လွယ်လွယ်ကူကူရတဲ့ ကြက်ဉ၊ ဘဲဥ၊ ပဲနဲ့ ဟင်းသီးဟင်းရွက်စတာတွေနဲ့ အာဟာရပြည့်ဝအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးချက်ကျွေးဖြစ်ပါတယ်” လို့ မချိုချိုက ပြောပြပါတယ်။