မြေမြှုပ်မိုင်းထိမှန်မှုမှ အသက်ရှင်သန်လွတ်မြောက်လာသူ ကလေးငယ်များ အရေးပေါ်အထောက်အပံ့များ လက်ခံရရှိ
မြေမြှုပ်မိုင်းထိမှန်မှုမှ အသက်ရှင်သန်လွတ်မြောက်လာသူ ကလေးငယ်များ အရေးပေါ်အထောက်အပံ့များ လက်ခံရရှိ
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ပန်ရွာက အသက် ၁၄ နှစ်အရွယ်ရှိ မောင်စိုင်းအောင်တစ်ယောက် သူငယ်ချင်းတွေနဲ့ လယ်ကွင်းထဲမှာ ကစားနေတုန်း ပစ္စည်းတစ်ခုကိုတွေ့ပြီး စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ပါတယ်။ ဒီပစ္စည်းကို သူက ကစားစရာတစ်ခုလို့ထင်ခဲ့တာပါ။ ဝမ်းနည်းစရာကောင်းတာက အဲဒီပစ္စည်းက ကစားစရာတစ်ခုမဟုတ်ဘဲ မြေမြှုပ်မိုင်းတစ်လုံးဖြစ်နေခဲ့ပါတယ်။ သူတို့တွေ ကစားနေတုန်းမှာပဲ မိုင်းက စိုင်းအောင်ရဲ့အနားမှာ ပေါက်ကွဲသွားခဲ့ပါတယ်။
မောင်စိုင်းအောင်ရဲ့သူငယ်ချင်းတွေက အကူအညီရဖို့ အပြေးအလွှားသွားခဲ့ကြပေမယ့် ရွာကအလှမ်းဝေးလွန်းသလို လုံခြုံရေးအခြေအနေတင်းမာမှုတွေကြောင့် မောင်စိုင်းအောင်တစ်ယောက် ခြောက်နာရီကြာမှ အနီးဆုံးဆေးရုံကိုရောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့ကိုအသက်လုခဲ့ရပါတယ်။ သူအသက်ရှင်နိုင်ခဲ့ပေမဲ့လည်း ဆိုးရွားလှတဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး သူ့ရဲ့ခြေတစ်ဖက်ကို စွန့်လွှတ်လိုက်ရပါတယ်။ မောင်စိုင်းအောင်ဟာ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းကြောင့် အသက်ရှင်သန်လွတ်မြောက်ခဲ့သူ ကလေးငယ် ၁၆ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
တစ်နှစ်ကြာပြီးနောက်မှာ မောင်စိုင်းအောင်က အဲဒီစိတ်ထိခိုက်စရာနေ့ကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနေ့ကိုပြန်တွေးမယ့်အစား သူလုပ်နိုင်သေးတဲ့အရာတွေအကြောင်း ပြောပါတယ်။ “ ကျွန်တော်က ကျွန်တော့်ရဲ့ သုံးနှစ်အရွယ် ညီလေးနဲ့ ၇ နှစ်အရွယ် ညီမလေးကို ထိန်းပေးရင်းအချိန်ကုန်တာများတယ်။ ပြီးရင် ရွာထဲက ကလေးတွေနဲ့ ဂေါ်လီတို့ သားရေကွင်းတို့ ပစ်တမ်းကစားတယ်။ ကျွန်တော်က ညနေ ၅ နာရီဆို ညစာစားပြီး အိပ်ချင်လာတဲ့အခါ အိပ်လိုက်တယ်။”
မြေမြှုပ်မိုင်းတွေက မြန်မာနိုင်ငံက ကလေးငယ်အများစုရဲ့ အသက်အန္တရာယ်နဲ့ ခြေလက်ဖြတ်တောက်ပစ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိအောင် ဆက်ပြီးခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။ ဒီကလေးငယ်အများစုဟာ နဂိုကတည်းကမှ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခတွေရယ်၊ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါရယ်အပြင် လက်ရှိအကျပ်အတည်းကြောင့်ပါ ဆင်းရဲခက်ခဲတဲ့ဘဝတွေကို ဖြတ်သန်းနေကြရသူတွေ ဖြစ်ပါတယ်။
မောင်စိုင်းအောင်ရဲ့ မိဘတွေက ကိုယ်ပိုင်ပြောင်းခင်းတွေ ပိုင်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။ အခုတော့ သူတို့က သူရင်းငှားအဖြစ်လုပ်ကိုင်နေပြီး တစ်နေ့ကို ၅,၀၀၀ ကျပ်ကနေ ၆,၀၀၀ ကြား (ကန်ဒေါ်လာ ၃ ကျပ်) သာ ရရှိကြပါတယ်။ “ကျွန်မတို့ စိုက်ပျိုးစရိတ်ချေးငွေဆပ်ဖို့တောင် ပိုက်ဆံမရပါဘူး” လို့ စိုင်းအောင်ရဲ့မိခင်ဖြစ်သူက သူတို့ပြောင်းခင်းတွေပိုင်ခဲ့တုန်းက ယူထားခဲ့တဲ့ အကြွေးတွေအကြောင်း ပြောပြပါတယ်။ “ကလေးတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း ကျွန်မတို့ ပိုက်ဆံအလုံအလောက် မရဘူး၊ ကျွန်မတို့မှာ အိမ်သာရယ်လို့တောင် မည်မည်ရရမရှိပါဘူး။”
အခုသူတို့ရဲ့အိမ်ကို သစ်နဲ့ဝါးစပ်ပြီး ဆောက်ထားပါတယ်၊ ရွာကရေတွင်းကနေ သောက်သုံးရေခပ်ပြီးတော့ အနီးအနားက စမ်းချောင်းမှာ ဆေးကြောလျှော်ဖွပ်တာတွေ လုပ်ပါတယ်။ သီပေါတိုက်နယ်ဆေးရုံက ပိတ်ထားတဲ့အတွက် သူတို့ဟာ ဆေးဘက်ဆိုင်ရာအကူအညီရဖို့အတွက်ဆို မိနစ် ၃၀ ခန့်ကားမောင်းသွားရတဲ့ နမ့်လန် ဒါမှမဟုတ် လားရှိုးအထိ သွားကြရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေကြရတဲ့ဒေသက အားနည်းထိခိုက်လွယ်ဆုံး ကလေးငယ်တွေကို ပံ့ပိုးပေးနိုင်အောင် ယူနီဆက်က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်ပေးရေးအဖွဲ့ (CPG) တွေ ဖွဲ့စည်းနိုင်ဖို့အတွက် ကူညီပေးလျှက်ရှိပါတယ်။ CPG တွေကို ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်ပေးရေးတို့နဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးပါတယ်။ ပြီးတော့ ထိခိုက်လွယ်တဲ့ကလေးငယ်တွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ သူတို့ရဲ့မိသားစုတွေကို ကလေးသူငယ်ကာကွယ်ပေးရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့အပြင် တချို့အခြေအနေတွေမှာ ဆေးကုသစရိတ်နဲ့ ပို့ဆောင်ရေးစရိတ်လို ကုန်ကျစရိတ်အချို့အတွက် ကာမိအောင် ငွေသားထောက်ပံ့ကြေးတွေပေးဖို့ တာဝန်ပေးအပ်ထားပါတယ်။ အဓိကအားဖြင့် ငွေသားထောက်ပံ့ကြေးကို မြေမြှုပ်မိုင်းထိမှန်မှုကနေ အသက်ရှင်လွတ်မြောက်လာတဲ့ကလေးတွေကို ပေးအပ်တာဖြစ်ပေမဲ့ အထူးလိုအပ်ချက်ရှိနေတဲ့ အားနည်းထိခိုက်လွယ်တဲ့ကလေးငယ်တွေနဲ့ ဖြစ်ရပ်စီမံခန့်ခွဲမှုအောက်မှာရှိနေတဲ့ကလေးငယ်တွေလည်း ထောက်ပံ့ကြေးရရှိနိုင်ပါတယ်။ အဆိုပါကလေးငယ်တွေကို ဖြစ်ရပ်တစ်ခုချင်းပေါ်မူတည်ပြီး ရွေးချယ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ စုစုပေါင်းအားဖြင့် ကလေးငယ်ပေါင်း ၁၀၀,၀၀၀ ကျော်က ထောက်ပံ့မှုတွေကနေ အကျိုးကျေးဇူးရရှိခဲ့ကြပါတယ်။ ကလေးသူငယ်ကာကွယ်ရေးပစ္စည်းတွေမှာ ကလေးတစ်ဦး နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ အဝတ်အစား၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း၊ စောင်တွေအပြင် စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့အတွက် ဆေးရောင်ခြယ်စာအုပ်၊ ရောင်စုံခဲတံနဲ့ ပုံပြင်စာအုပ်တွေပါဝင်ပါတယ်။ မောင်စိုင်းအောင်ရဲ့ မိသားစုအနေနဲ့ ကလေးသူငယ်ကာကွယ်ပေးရေးပစ္စည်းတွေနဲ့ ငွေသားထောက်ပံ့ကြေးရရှိတဲ့အပြင် ခြေတုတပ်ဆင်ပေးဖို့အတွက် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) နဲ့လည်း ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။
မောင်စိုင်းအောင်ရဲ့မိခင်ဖြစ်သူက လက်ခံရရှိတဲ့ထောက်ပံ့မှုတွေက ကြီးမားတဲ့ခြားနားမှုဖြစ်အောင် ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ စိတ်ချမ်းသာရပြီး ကျေးဇူးတင်ပါတယ်” လို့ မောင်စိုင်းအောင်ရဲ့မိခင်ကပြောပါတယ်။ သို့ပေမဲ့လည်း မောင်စိုင်းအောင်ရဲ့လိုအပ်ချက်တွေကို ဆက်ပြီးဖြည့်ဆည်းပေးနိုင်ဖို့အတွက်တော့ သူမအနေနဲ့ စိုးရိမ်ပူပန်နေတုန်းပါပဲ။ “ ကျွန်မတို့သူ့ကို နောက်ဆက်တွဲကုသမှုတွေအတွက် ဆေးရုံပို့ဖို့ မတတ်နိုင်ဘူး” လို့ ဆိုပါတယ်။ “ ကျွန်မတို့မှာ ငွေအလုံအလောက်မရှိဘူး၊ ဘာလုပ်ရမလဲလည်း မသိဘူးဖြစ်နေတယ်။” မိခင်ဖြစ်သူက သားသမီးတွေအားလုံးရဲ့ အနာဂတ်အတွက် စိတ်ပူတဲ့အကြောင်းလည်း ဖြည့်စွက်ပြောပါတယ်။ “ကျွန်မသူတို့လေးတွေကို ပညာတတ်တွေဖြစ်ပြီး လိုအပ်နေတဲ့သူတွေကို ကူညီပေးနိုင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျွန်မသူတို့ကို မပံ့ပိုးပေးနိုင်ဘဲ သူတို့ဖြစ်ချင်တဲ့အိပ်မက်တွေ မအောင်မြင်ဘဲရပ်တန့်သွားမှာကို စိုးရိမ်တယ်။”
မောင်စိုင်းအောင်က အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပေမဲ့လည်း မျှော်လင့်ချက်အပြည့်ရှိနေဆဲဖြစ်ပါတယ်။ သူက ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းပြန်တက်ဖို့မျှော်လင့်နေပါတယ်။ သူက “ကျောင်းမှာဆိုရင် ကျွန်တော်က ကြိုးခုန်တာတို့၊ ဘောလုံးကစားတာတို့ကို ကြိုက်တယ်။” “ကျွန်တော်က လေ့လာရတာကြိုက်တယ်၊ ကျွန်တော်အကြိုက်ဆုံးဘာသာက မြန်မာစာပါ၊ ပြီးတော့ ကျွန်တော် ကျောင်းဆရာတစ်ယောက်ဖြစ်ချင်တယ်၊ တစ်နေ့ကျရင် ကျောင်းအုပ်ဆရာတစ်ယောက်ဖြစ်ချင်ပါတယ်” လို့ ဖြည့်စွက်ပြောပါတယ်။