မြန်မာနိုင်ငံမှ ကလေးငယ်များအား ပံ့ပိုးပေးခြင်း
UNICEF@75
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ဗမာနိုင်ငံဟု ယခင်ကသိရှိကြတဲ့ မြန်မာနိုင်ငံတွင် ယူနီဆက် လျှောက်လှမ်းခဲ့သည့် ခရီးရှည်ကြီးက ၁၉၅၀ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပါတယ်။ ယူနီဆက်၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဤဓာတ်ပုံအက်ဆေးမှတဆင့် လွန်ခဲ့သည့် ဆယ်စုနှစ် ခုနစ်ခုအတွင်း ယူနီဆက်၏ အောင်မြင်မှုအချို့ကို မီးမောင်းထိုးဖော်ပြသွားမည်ဖြစ်ပါတယ်။ ဤဓာတ်ပုံအက်ဆေးအတွင်းတွင် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကာလအတွင်း ယူနီဆက်၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများကို အထူးအလေးပေးဖတ်ရှုရမှာပါ။
အစောပိုင်းအောင်မြင်မှုများ
မြန်မာနိုင်ငံတွင် ယူနီဆက်၏ ပထမဆုံး ကြီးမားသောအောင်မြင်မှုများအနက် တစ်ခုမှာ တီဘီရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံရန် ပံ့ပိုးပေးနိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် မွေးကင်းစကလေးငယ် ၈၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးနိုင်ခဲ့ပါတယ်။ အခြားအထင်ကရ အောင်မြင်မှုတစ်ခုမှာ ၁၉၇၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံရှိ အနာကြီးရောဂါအတွက် ယူနီဆက်မှ ပံ့ပိုးကူညီပေးနိုင်ခဲ့ခြင်းဖြစ်ကာ ထိုစဉ်က ယူနီဆက်၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Henri R. Labouisse Jr. က ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးဖြစ်ရပ်ဟု ဖော်ညွှန်းခဲ့ပါတယ်။

ထို့နောက် ၁၉၇၀ ခုနှစ်များ၏ အလယ်ခန့်တွင် ယူနီဆက်သည် အားလုံးအတွက် အခြေခံပညာရေး ရရှိစေရန် ပံ့ပိုးပေးခဲ့ပြီး ရလဒ်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ကျောင်းပေါင်း ၁၈,၀၀၀ ကျော်အထိ တိုးတက်လာခဲ့ပါတယ်။ သက်ကြီးစာတတ်မြောက်ရေးကို တိုက်တွန်းအားပေးရန်အတွက် စေတနာ့ဝန်ထမ်းပေါင်း ၂၀၀,၀၀၀ ကျော်ဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ခြင်းကြောင့် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတစ်ဝန်းမှ လူပေါင်း ၁ သန်းခန့် အရေး၊ အဖတ် သင်ယူတတ်မြောက်ခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်များတွင် ယူနီဆက်အနေဖြင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အထူးသဖြင့် ကျေးလက်ဒေသများတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ စတင်ပါဝင်လာသည့် လူထုကျန်းမာရေးလုပ်သားများကို ပံ့ပိုးပေးခဲ့ပါသည်။ ယူနီဆက်က မိမိတို့၏ရပ်ရွာလူထုများမှ ရွေးချယ်ထားသည့် အရန်သားဖွားဆရာမများကိုလည်း နည်းပြသင်တန်းများ ပေးအပ်ခဲ့ပါသည်။

၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများအား ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်ပေးရန် တစ်ကမ္ဘာလုံးမှ ဝိုင်းဝန်းတိုက်တွန်းကြရာ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (Convention on the Rights of the Child (CRC)) ကို လက်ခံကျင့်သုံးရန် အတည်ပြုလိုက်ခြင်းကြောင့် အရေးပါသော တိုးတက်မှုတစ်ရပ် ရှိခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် CRC ကို လိုက်နာရန် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး ကလေးသူငယ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Ramesh Shrestha က ၁၉၈၀ ခုနှစ်များအတွင်း ယူနီဆက်မှ နီပေါနိုင်ငံ ကျေးလက်ဒေသများရှိ လူသန်းပေါင်းများစွာအတွက် သောက်သုံးရေ ရရှိစေမည့် ပိုက်ဖြင့်ရေပေးဝေရေး စီမံချက်များကို မည်သို့ပံ့ပိုးပေးလျှက်ရှိကြောင်း ၎င်း၏ ဒေသတွင်းသတင်းစာတစ်စောင်တွင် ဖတ်ရှုခဲ့ရပြီးနောက်ပိုင်း ယူနီဆက်နှင့်လက်တွဲဆောင်ရွက်လိုသည့် ဆန္ဒတစ်ခုရှိလာကြောင်း ပြန်ပြောင်းပြောပြပါသည်။
၂၀၀၆ ခုနှစ်တွင် Shrestha သည် မြန်မာနိုင်ငံရှိ ယူနီဆက်ရုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် အခွင့်အရေးရရှိခဲ့ပါသည်။ ၎င်းက မြန်မာနိုင်ငံရှိ များပြားလှစွာသော အရည်အသွေးမြင့် ကျွမ်းကျင်ပညာရှင်များစွာကြောင့် အံ့အားသင့်ခဲ့ရသည်ကို အမှတ်ရနေပါသည်။ နိုင်ငံခြားသားအများစုအတွက် နိုင်ငံတစ်ဝန်းလှည့်လည်သွားလာရန် အကန့်အသတ်ရှိနေသည့်တိုင် ယူနီဆက်မှ Shrestha ၏ အခန်းကဏ္ဍကြောင့် ၎င်းသည် နိုင်ငံ၏ ဒေသအစိတ်အပိုင်းအားလုံးနီးပါးအပြင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများသို့ပင် သွားရောက်နိုင်ခဲ့ပါသည်။ ယင်းမှာ ယူနီဆက်အနေဖြင့် အထူးသဖြင့် အရေးပေါ်အခြေအနေကာလများအတွင်း လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်မည့် အစီအစဉ်များကို စတင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတွင်းရှိ အခြေအနေများကို နားလည်သဘောပေါက်ရန် အလွန်အရေးကြီးကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် ကြိုးစားခြင်း
မြန်မာနိုင်ငံသည် အရေးပေါ်အခြေအနေများစွာနှင့် အခက်အခဲများစွာကို ရင်ဆိုင်နေရသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ တိုင်းပြည်သည် ပြင်းထန်သော ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေကြရပြီး ဆိုင်ကလုန်း၊ ဆူနာမီ၊ ရေကြီးခြင်း၊ ငလျင်၊ မိုးခေါင်ရေရှားခြင်းအပြင် တောင်ပေါ်ဒေသများတွင် မြေပြိုခြင်းများကဲ့သို့ သဘာဝဘေးအန္တရာယ်များ၏ဒဏ်ကိုလည်း ခံစားရနိုင်ခြေအလွန်များပါသည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်၏ ပြင်းထန်သော အတိုင်းအတာအတွက် ပြင်ဆင်ထားခြင်း မရှိခဲ့ကြပါ။ နာဂစ်မုန်တိုင်းမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ညသန်းခေါင်တွင် ဧရာဝတီတိုင်းဒေသကြီးသို့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်သစ်သဘာဝ ဘေးအန္တရာယ်များအနက် အဆိုးဝါးဆုံးမုန်တိုင်းဖြစ်ခဲ့သည်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၈၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြေးခဲ့ရကာ အနည်းဆုံး လူပေါင်း ၂.၄ သန်းခန့်မှာ အရေးပေါ် လူသားချင်းစာနာထောက်ထားရေး အကူအညီများလိုအပ်ခဲ့ပါသည်။
Shrestha က “နေရာတစ်ခုလုံးက စစ်ဖြစ်ထားတဲ့နေရာတစ်ခုလိုပဲ။ အဆောက်အအုံတွေ ပျက်စီးကုန်တယ်၊ သစ်ပင်တွေလဲပြီး မီးကြိုးတွေက ပြတ်ကျနေတယ်၊ နေရာတိုင်း အပျက်အစီးတွေချည်းပဲ” ဟု ပြန်ပြောပြပါသည်။
Shrestha ၏ ဦးဆောင်မှုဖြင့် ယူနီဆက်သည် ပျက်စီးဆုံးရှုံးမှုများကို ဆန်းစစ်အကဲဖြတ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်နေရာချထားနိုင်ရန်အတွက် ပထမ ၂၄ နာရီအတွင်း ဝန်ထမ်းများ စေလွှတ်၍ ကပ်ဘေးကို အဆောတလျင် တုံ့ပြန်ဖြေရှင်းပေးခဲ့သည်။ “တံတားအများစုက ကျိုးနေပြီး မြေပြိုတာတွေဖြစ်နေတော့ ယူနီဆက်ယာဉ်မောင်းတွေက သူတို့သွားရမယ့်နေရာကိုရောက်ဖို့ နာရီပေါင်းများစွာ မောင်းခဲ့ကြရတယ်” ဟု Shrestha က ဆိုပါသည်။ “ရွှံတွေ၊ အပျက်အစီးတွေနဲ့ပြည့်နေတဲ့ လမ်းအပျက်ကြီးတွေကို ဖြတ်မောင်းခဲ့ကြရပေမဲ့ ဘယ်ယာဉ်မောင်းမှ စောဒကမတက်ခဲ့ကြဘူး။ သူတို့ရဲ့ အားသွန်ခွန်စိုက်ပံ့ပိုးမှုသာမပါရင် ကျွနတော်တို့ ဒီလောက်ရွာများများကို သွားနိုင်ခဲ့မှာမဟုတ်ဘူး။”

ရှေ့တန်းမှ ဒေသခံဝန်ထမ်းများ
ယူနီဆက်မှ အငြိမ်းစားယာဉ်မောင်းဖြစ်သူ ဦးမောင်မောင်လှက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးကာလအတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အစားအစာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် မိသားစုသုံးပစ္စည်းများကဲ့သို့ မရှိမဖြစ်လိုအပ်သောပစ္စည်းများ ဖြန့်ဖြူးပေးရာတွင် ၎င်းကူညီပေးခဲ့ပုံကို အမှတ်တရပြောပြပါတယ်။ ၎င်းသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တစ်လလျှင် ခရီးလေးကြိမ်ထွက်ခဲ့ရသည်။
“အဲဒါကတော်တော်ပင်ပန်းစရာကောင်းတယ်၊ ကျွန်တော် အခက်အခဲအများကြီးလည်း ကြုံခဲ့တယ်၊ တစ်ခါ ကျွန်တော်ဒီခရီးတစ်ခုသွားတုန်းက သမ္ဗာန်ကုန်းပတ်ပေါ်မှာ အိပ်ပျော်သွားတာ၊ ကောင်လေးလေးယောက်က ကျွန်တော်ရေထဲကျသွားမှာစိုးလို့ ကျွန်တော့်ကိုစောင့်ကြည့်ပေးခဲ့ရတယ်”။
သို့သော်လည်း ဦးမောင်မောင်လှ မရပ်တန့်ခဲ့ပါ။ “ငါ့အတွက်မဟုတ်ဘူး၊ တခြားသူတွေအတွက်” ဟု ၎င်းစိတ်ထဲမှာတတွတ်တွတ် ပြောခဲ့သည်ဟု ဖြည့်စွက်ပြောပြသည်။ “ကျွန်တော်အမြဲ စိတ်တည်ငြိမ်အောင်ထားပြီး ယာဉ်မောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ရင်ဆိုင်ရတဲ့ ပြဿနာတွေအတွက် အဖြေကိုရအောင်ရှာတယ်။”
မုန်တိုင်းကယ်ဆယ်ရေးအတွက် ယူနီဆက်သည် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ၁၅ ခု၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်း ၁၆ ခုနှင့် ဘာသာရေးအခြေခံအဖွဲ့အစည်း(FBOs) လေးခုတို့နှင့် သဘောတူညီမှုများ ရယူခဲ့သည်။ ယူနီဆက်သည် ကျောင်းများနှင့် ရေဖြန့်ဖြူးရေးစနစ်များ ပြန်လည်တည်ဆောက်ရေးအတွက် ရပ်ရွာအခြေပြု အဖွဲ့အစည်း (CBOs) ၄၆၅ ခုနှင့်လည်း လက်တွဲဆောင်ရွက်ခဲ့သည်။ “သူတို့ရဲ့ ပံ့ပိုးမှုသာမပါရင် ယူနီဆက်အနေနဲ့ ကျွန်တော်တို့လုပ်ခဲ့တာတွေကို လုပ်နိုင်ခဲ့မှာမဟုတ်ဘူး” ဟု Shrestha က ဆိုသည်။ “ အောင်မြင်တဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်တွေမှာ အဖွဲ့အစည်းအသီးသီးက အထူးအာရုံစိုက်စိတ်နှစ်ပြီး ဆောင်ရွက်ပေးခဲ့ကြတဲ့ ဝန်ထမ်းတွေက အခရာပါပဲ။”

သင်ယူလေ့လာရေးသည် အရေးပေါ်အချိန်များအတွင်း အစီအစဉ်ကျနမှု ရှိစေသည်
မြန်မာနိုင်ငံတွင် ပညာသင်နှစ်သည် ပုံမှန်အားဖြင့် ဇွန်လတွင်စတင်လေ့ရှိပြီး၊ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ကျောင်းပေါင်း ၄,၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ကလေးများ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြပါသည်။
ယူနီဆက်သည် မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ မိုးကာဖျင်စများအသုံးပြုကာ ယာယီသင်ကြားရေးနေရာများ ဆောက်လုပ်ပေးခဲ့ကြသည်။ လေ့ကျင့်ခန်း မှတ်စုစာအုပ်များနှင့် ခဲတံများအပါအဝင် ယူနီဆက် ကျောင်းသုံးပစ္စည်း ထောင်ပေါင်းများစွာကိုလည်း အလျင်အမြန်ဖြန့်ဝေပေးခဲ့ပါသည်။ “ကျွန်တော် ယာယီသင်ကြားရေးနေရာတွေကို အကြိမ်ပေါင်းများစွာရောက်ခဲ့တယ်၊ ကလေးတွေ ကပ်ဘေးသင့်နေရာတွေရဲ့ အဝေးမှာ ခဏတာလေးပဲဖြစ်ဖြစ် ဘယ်လောက်ပျော်နေကြလဲဆိုတာ ကျွန်တော်မြင်ခဲ့ရတယ်” ဟု Shrestha က မှတ်မှတ်ရရပြန်ပြောပြသည်။
ကျောင်းဆိုတာ စိတ်ကျန်းမာရေးအတွက် သိပ်ကောင်းတယ်၊ ကျောင်းမှာ ကလေးတွေက တခြားကလေးတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရတယ်၊ သူတို့ကို အလုပ်များနေစေတယ်” ဟု Shrestha က ဆိုသည်။
ယူနီဆက်သည် မုန်တိုင်းအတွင်း မိသားစုများနှင့်ကွဲကွာခဲ့သော ကလေးငယ်များစွာကို ခြေရာခံပြီး ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်စေရန်လည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် ယူနီဆက်က ကလေးငယ်များ ကစားရန်အတွက် ကလေးငယ်များပျော်ရွှင်အောင် ရည်ရွယ်စီမံထားသည့် နေရာပေါင်း ၁၀၀ ကျော်ကို ဖန်တီးပေးခဲ့သည်- စိတ်ဒဏ်ရာရရှိခဲ့ကြသည့် ကလေးငယ်များအနေဖြင့်လည်း လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ ရယူနိုင်ခဲ့ပါသည်။

အရေးပေါ်အခြေအနေများအတွင်း ထိခိုက်မှုအလွယ်ဆုံးသူများအား ပံ့ပိုးပေးခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များနှင့် မွေးကင်းစကလေးငယ်များသည် အရေးပေါ်အခြေအနေများအတွင်း ထိခိုက်ခံအလွယ်ဆုံးသူများဖြစ်ကြသည်။ Shrestha က သူ၏ စိတ်ထဲတွင် မှတ်မှတ်ထင်ထင် စွဲထင်နေသည့်ဖြစ်ရပ်တစ်ခုမှာ ရေကြီးနေချိန်အတွင်း သစ်ပင်ပေါ်တွင် မီးဖွားခဲ့ရသည့် ငယ်ရွယ်သော မိခင်နှစ်ဦးနှင့်တွေ့ဆုံခဲ့ရခြင်းဖြစ်သည်ဟု ပြောပြသည်။” အိမ်ပေါင်းများစွာ ရေမြုပ်သွားကြတော့ လူတွေက သစ်ပင်တွေပေါ်တက်နေကြရတယ်။ အဲဒီအမျိုးသမီးနှစ်ယောက်က ကိုယ်ဝန်နေ့စေ့လစေ့ကြီးတွေဖြစ်ပြီး နှစ်ယောက်စလုံး သစ်ပင်တွေပေါ်မှာပဲ မီးဖွားခဲ့ကြရတယ်။ ကယ်ဆယ်ရေးစခန်းမှာ ကျွန်တော်သူတို့နဲ့စကားပြောဖြစ်တဲ့အချိန်မှာ သူတို့ကလေးတွေက နှစ်ပတ်သုံးပတ်သားပဲ ရှိသေးတယ်။ အမေတစ်ယောက်က သူ့သမီးလေးကို ဆိုင်ကလုန်းနာမည် နာဂစ်ဆိုပြီး နာမည်ပေးထားတယ်၊ နာဂစ်ဆိုတာ ဟင်ဒီဘာသာအရဆို ဒက်ဖလ်ဒေးပန်းလို့ အဓိပ္ပါယ်ရတယ်။ ကျွန်တော်ပြန်သွားခဲ့ရင် အဲဒီအမျိုးသမီးတွေရယ်၊ သူတို့ရဲ့ ကလေးတွေနဲ့ထပ်တွေ့ချင်ပါသေးတယ်” ဟု Shrestha က ပြောပြပါသည်။

ကူးစက်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ခြင်း
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်အခြေအနေအတွင်း မုန်တိုင်းဒဏ်သင့်နေရာများရှိ ရေရင်းမြစ်အားလုံးမှာ ပင်လယ်ရေများဖြင့် ညစ်ညမ်းခဲ့ရသည်။ ဦးစွာ ယူနီဆက်အနေဖြင့် ရေချိုရနိုင်သည့် အနီးဆုံးမြို့မှရေကို ထရပ်ကားများဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ရသည်။ ထို့နောက် အလှူရှင်များ၏ ငွေကြေးပံ့ပိုးမှုဖြင့် ယူနီဆက်သည် မတူညီသောနေရာများတွင် သောက်သုံးရေစက် ရှစ်လုံးကို တပ်ဆင်ပေးခဲ့ပြီး အဆိုပါရေစက်များမှ တစ်နာရီလျှင် ရေလီတာ ၄,၀၀၀ မှ ၁၅,၀၀၀ ကြား ထုတ်ပေးနိုင်ခဲ့ပါသည်။ “လူတွေက ရေကို သူတို့ရေပုံးတွေနဲ့လာသယ်ပြီး သိုလှောင်ထားနိုင်ခဲ့ကြတယ်၊ ဒါက နောင်ကပ်ဘေးတွေအတွက် စဉ်းစားထားသင့်တဲ့ကိစ္စတစ်ခုပါ” ဟု Shrestha က မှတ်ချက်ပြုပါသည်။
ထိုစဉ်က ဆောင်ရွက်ခဲ့ကြသည့် အလေ့အထကောင်းများအနက် အခြားဥပမာများမှာ အောက်ခြေနိမ့်နေရာများအားလုံးကို ပိုးသတ်ဆေးဖျန်းခြင်း၊ အိမ်ထောင်စုတိုင်းသို့ ရေသန့်ဓာတုဆေးများဝေပေးခြင်းနှင့် ကလိုရင်းဆေးပြားများဖြန့်ဖြူးပေးခြင်းတို့ ဖြစ်ပါသည်။ “စက်မဟုတ်ဘဲ လက်နဲ့ပိုးသတ်ဆေးဖျန်းဖို့ဆိုတာ လွယ်တဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်းအများကြီးလိုပါတယ်။ ဒါပေမဲ့ ဒေသခံရွာသားတွေက လုပ်အားပေးခဲ့ကြတယ်။ကျွန်တော်တို့ ကာလဝမ်းရောဂါမဖြစ်အောင် စီမံနိုင်ခဲ့တယ်၊ အစုလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်အောင် ရှောင်ရှားနိုင်ခဲ့ကြပါတယ်။”

ဒုတိယဆယ်စုနှစ်ကို ပံ့ပိုးပေးခြင်း
မကြာသေးမီနှစ်များအတွင်း ယူနီဆက်အနေဖြင့် ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များသည် ကလေးသူငယ်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်နိုင်မည့် ဒုတိယအခွင့်အလမ်း ပြတင်းပေါက်တစ်ခုကို လှစ်ဟပြလိုက်ပြီး ၎င်းတို့မှာ ပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများကို လက်ခံသူသက်သက်ဟုသာ သဘောမထားဘဲ လူငယ်များကို လုပ်ပိုင်ခွင့်ပေးပြီး ဆွေးနွေးတိုင်ပင်ခြင်းကို ပို၍အလေးပေးနိုင်ရေးအပေါ် အာရုံစိုက်လာခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် ယူနီဆက်မှ လူမှုမီဒီယာကို အခြေခံတဲ့ လူငယ်အစီအစဥ် U-Report ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ အွန်လိုင်းနှင့် မိုဘိုင်းဖုန်းကို အသုံးပြုပြီး မိမိတို့ရဲ့ အမြင်များနှင့် သဘောထားများကို ပုံမှန်မျှဝေလေ့ရှိသူ လူငယ်ပေါင်း ၅၃,၀၀၀ ကျော်ပါဝင်သည့် အသိုက်အဝန်းတစ်ခုအဖြစ်သို့ ကြီးထွားရောက်ရှိလာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ကလေးများကို ပံ့ပိုးပေးရန် ဆန်းသစ်ဖန်တီးထားသော နည်းလမ်းများ ရှာဖွေခြင်း
ယခုအခါ မြန်မာနိုင်ငံသည် အခြားလူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အရေးပေါ် အခြေအနေတစ်ခုဖြစ်သည့် - ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးရွားသည့်အကျိုးသက်ရောက်မှုနှင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကျပ်အတည်းများကို ကြုံတွေ့ခံစားနေရပါသည်။
လက်ရှိအရေးပေါ်အခြေအနေသည် ကလေးငယ် သန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့ ရောက်ရှိစေနိုင်ပြီး အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်မှုကို ငြင်းပယ်ခံရစေသည့်အပြင် ၎င်းတို့၏အလားအလာများကို ဖြည့်ဆည်းနိုင်မည့် အခွင့်အလမ်းများ ကင်းမဲ့စေပါသည်။ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းနှင့် အသက်ဆုံးရှုံးရသည်အထိ ဖြစ်စေနိုင်သော ကြီးမားသော အန္တရာယ်ကိုလည်း ကြုံတွေ့ရစေနိုင်ပါသည်။
သို့သော်လည်း ယူနီဆက်သည် မြန်မာနိုင်ငံတွင် ဆက်လက်ရှိနေပြီး နှစ်ပေါင်း ၇၀ ကျော်လုပ်ဆောင်ခဲ့သည့်အတိုင်း ပံ့ပိုးမှုများ ဆက်လက်ပေးလျှက်ရှိပါသည်။ ယူနီဆက်အနေဖြင့် ၎င်း၏ များပြားလှစွာသော အတွေ့အကြုံများနှင့် မိတ်ဖက်ကွန်ရက်များကို အကောင်းဆုံးဆက်လက်အသုံးချလျှက် မြန်မာနိုင်ငံသူနိုင်ငံသားများ အထူးသဖြင့် အားနည်းထိခိုက်လွယ်ဆုံးနှင့် လက်လှမ်းမီရောက်ရှိရန်ခက်ခဲသော ကလေးငယ်များကို ကူညီပေးနိုင်မည့် ဆန်းသစ်တီထွင်ထားသော နည်းလမ်းများကို ရှာဖွေလျှက်ရှိပါသည်။
“အရင်ကကော၊ အခုကော ပြီးတော့ နောင်ကော ယူနီဆက်ကလုပ်ဆောင်နေတဲ့ အလုပ်တွေဟာ ကလေးတွေအတွက် ကျွန်တော်အမြဲလိုချင်နေခဲ့တဲ့အရာတွေပါ။”
ဦးမောင်မောင်လှက “ကျွန်တော် ကျွန်တော်တို့နိုင်ငံက ကလေးတွေနဲ့လူငယ်တွေကော ကျွန်တော်တို့နိုင်ငံကိုပါ တိုးတက်တာ သိပ်မြင်ချင်ခဲ့တာ။ အရင်ကကော၊ အခုကော ပြီးတော့ နောင်ကော ယူနီဆက်ကလုပ်ဆောင်နေတဲ့ အလုပ်တွေဟာ ကလေးတွေအတွက် ကျွန်တော်အမြဲလိုချင်နေခဲ့တဲ့ အရာတွေပါ” ဟု ၎င်း၏ဆန္ဒကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောပြခဲ့ပါသည်။