မိုဘိုင်းအခြေပြု အရေးပေါ်ကျန်းမာရေးအစီအစဥ်က မိသားစုများရဲ့ စိုးရိမ်ပူပန်မှုများကို ပြေလျော့စေ

Bright Start က မိသားစုများစွာအတွက် အထောက်အကူဖြစ်

By Saw Wai Moe and Ruth Ayisi
UNICEF Myanmar
UNICEF Myanmar/2022/Nyan Zay Htet
26 ဇူလိုင်လ 2022

မြန်မာနိုင်ငံက မိသားစုများစွာအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခဲ့မယ်ဆိုရင်တောင် ကျန်းမာရေးစရိတ်က မိသားစုရဲ့ နည်းပါးလှတဲ့မစို့မပို့ဝင်ငွေကို များစွာထိခိုက်စေနိုင်ပါတယ်။

ငါးလသားအရွယ်နဲ့ သုံးနှစ်သားအရွယ် ကလေးငယ် နှစ်ဦးရဲ့မိခင်ဖြစ်သူ မသင်းယမုံဟာ အရင်က ကစားစရာစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ပန်းရံဆရာကိုပဲ မှီခိုနေရပါတယ်။ ဒါပေမဲ့လည်း မိုးရာသီ (ဧပြီ-အောက်တိုဘာလ) အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ သိပ်မလည်ပတ်ကြတဲ့အတွက် ခင်ပွန်းသည်က မြက်ရိတ်တာလို လုပ်အားခနည်းနည်းသာရတဲ့ အလုပ်တွေကိုပဲ လုပ်နေရပါတယ်။

ခင်ပွန်းသည်က အဆုတ်သွေးလွှတ်ကြောတွင်း ဖိအားများတဲ့ရောဂါ (pulmonary arterial hypertension) ကို ခံစားနေရတာကြောင့် တချို့ရက်တွေမှာဆို လုံးဝ အလုပ်မလုပ်နိုင်ပါဘူး။ “ကျွန်မတို့ စားဖို့တောင်အနိုင်နိုင်ပါပဲ” လို့ မသင်းယမုံကဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ လက်ရှိနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ အကျပ်အတည်းက မိသားစုများစွာကို ဆင်းရဲတွင်းထဲရောက်အောင် ပိုပြီး တွန်းပို့နေပါတယ်။ အထူးသဖြင့် မသင်းယမုံနေထိုင်တဲ့ မြောက်ဥက္ကလာမြို့နယ်လို စစ်အုပ်ချုပ်ရေးဥပဒေအောက် ရောက်ရှိနေတဲ့ဒေသတွေမှာ နေထိုင်သူတွေဖြစ်ပါတယ်။

သူတို့မိသားစုက အဒေါ်ဖြစ်သူရဲ့ခြံဝန်းထဲမှာ ယာယီ အဖြစ်အိမ်လေးတစ်လုံးဆောက်ပြီး နေထိုင်ကြပါတယ်။ လျှပ်စစ်မီးလည်းမရှိသလို ဘုံပိုင်ရေလည်း မရပါဘူး။ သောက်ရေကို ဝယ်သောက်ကြရပြီး လျှော်ဖွပ်ဆေးကြောဖို့ သုံးရေအတွက်ကိုတော့ ၁၅ မိနစ်ကြာ ဆိုင်ကယ်မောင်းသွားရတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ သွားခပ်ကြရပါတယ်။

သူတို့က အဒေါ်မိသားစုရဲ့အိမ်သာကိုပဲ မျှသုံးနေကြရပါတယ်။ “ကျွန်မတို့ကိုယ်ပိုင် အိမ်သာဆောက်ဖို့ စီစဉ်ခဲ့ပါသေးတယ်၊ ဒါပေမဲ့ အစီအစဉ်က ဖြစ်မလာခဲ့ဘူး” လို့ မသင်းယမုံက ပြောပြပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်မြို့ရဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေအတွင်းမှာ အခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမီရရှိနိုင်မှုနဲ့ ပတ်သက်ပြီး ယူနီဆက်က စစ်တမ်းငယ်တစ်ခု ကောက်ယူခဲ့တဲ့အခါမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိဖို့အတွက် အဓိက အတားအဆီးတွေအနေနဲ့ - ဝန်ဆောင်မှုမရရှိနိုင်မှု (၆၁ ရာခိုင်နှုန်း)၊ ငွေကြေးအခက်အခဲ (၃၀ ရာခိုင်နှုန်း)၊ လုံခြုံရေးအခြေအနေကြောင့် ဝန်ဆောင်မှုရယူဖို့အတွက် စိုးရွံမှု (၁၇ ရာခိုင်နှုန်း)[၁] ရှိတာကို တွေ့ရှိခဲ့ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2022/Nyan Zay Htet
လျှပ်စစ်မီး၊ ဘုံပိုင်ရေနှင့် အိမ်သာကဲ့သို့ အဆင်ပြေလွယ်ကူစေသည့် အခြေခံဝန်ဆောင်မှုများ ကင်းမဲ့နေသည့် မသင်းယမုံတို့အိမ်ငယ်လေး

စစ်တမ်းက ဖော်ထုတ်သိရှိလာခဲ့တဲ့ လိုအပ်ချက်တွေကို ဖြေရှင်းတဲ့အနေနဲ့ ယူနီဆက်က Japan International Cooperation Agency (JICA) နဲ့ Swiss Natcom တို့ရဲ့ ရက်ရောလှတဲ့ ထည့်ဝင်လှူဒါန်းမှုများနဲ့အတူ အချို့တဲ့ဆုံးမိသားစုများ နေထိုင်ရာ ရန်ကုန်မြို့ပြအစွန်ရှိ မြို့နယ်ခြောက်မြို့နယ်မှာ Bright Start အစီအစဉ်ကို စတင်ခဲ့ပါတယ်။

Bright Start အစီအစဥ်သည် ယူနီဆက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Common Health Myanmar တို့ကြား ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းအခြေပြု အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပါတယ်။

ဒီအစီအစဉ်ကြောင့် မသင်းယမုံအနေနဲ့ ကလေးကို ဆေးခန်းပြနိုင်ဖို့အတွက် အစားလျှော့စားစရာ မလိုတော့ပါဘူး။

“ကျွန်မ Bright Start အစီအစဉ်မှာ စာရင်းသွင်းပြီးကတည်းက ကျွန်မကလေးတွေ နေမကောင်းဖြစ်တဲ့အခါ အားကိုးစရာနေရာတစ်ခုရပြီလို့ စိတ်အေးခဲ့ရပါတယ်” လို့ မသင်းယမုံကဆိုပါတယ်။

“တကယ်ပဲ ကျွန်မစိုးရိမ်စရာတွေ လျော့သွားခဲ့တယ်” လို့ မသင်းယမုံက ဆိုပါတယ်။ “ကျွန်မတို့ဆရာဝန်က အမြဲ သေသေချာချာ ဂရုတစိုက်ရှင်းပြတယ်။ စိတ်လည်းရှည်တယ်။ အခုဆို ကျွန်မတို့ စိတ်ပူနေရတာတွေ လျော့သွားပြီဆိုတော့ အလုပ်လုပ်ဖို့ကို အာရုံစိုက်နိုင်လာတယ်။”

UNICEF Myanmar
UNICEF Myanmar/2022/Nyan Zay Htet
Bright Start အစီအစဉ်၏ နည်းလမ်းတစ်ခုက မှတ်ပုံတင်ထားသည့် အကျိုးခံစားခွင့်ရှိသူတွေကို ဖုန်းဖြင့် ဆေးဘက်ဆိုင်ရာပံ့ပိုးမှုပေးခြင်း ဖြစ်ပါသည်

ဒီအစီအစဉ်မှာ အခမဲ့ ၂၄ နာရီပတ်လုံး ဆရာဝန်တစ်ဦးထံ ဖုန်းခေါ်ဆိုပြီး ကျန်းမာရေးအကြောင်း ဆွေးနွေးနိုင်ပါတယ်၊ အသံမက်ဆေ့ချ်၊ စာသားမက်ဆေ့ချ်နဲ့ တခြားသော ချန်နယ်တွေကတစ်ဆင့် ကျန်းမာရေးအချက်အလက်တွေ ပေးပို့နိုင်တဲ့အပြင် ပြင်းထန်ရောဂါဝေဒနာတွေနဲ့ မတော်တဆမှုတွေအတွက် ပြင်ပလူနာကုန်ကျစရိတ်တွေ၊ ဆေးရုံစရိတ် ထောက်ပံ့မှုများကို ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အခမဲ့ အာထရာဆောင်းရိုက်ကူးနိုင်ပြီး သွေးဖောက်စစ်ဆေးတာတွေနဲ့ မေးခိုင်ကာကွယ်ဆေးထိုးနှံတာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ တိုင်ကြားဖို့နဲ့ သဘောထားမှတ်ချက်ပေးဖို့ ကဏ္ဍတစ်ခုလည်း ရှိပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ Common Health Myanmar မှာ စတင်လုပ်ကိုင်ခဲ့တဲ့ ဒေါက်တာသဲမြတ်ချိုက ဝန်ဆောင်မှုသုံးစွဲသူဦးရေ ၂,၀၀၀ ခန့်ကို စောင့်ကြည့်စစ်ဆေးပေးနေတယ်လို့ ပြောပြပါတယ်။ “ ယားနာဖြစ်နေတဲ့ကလေးတစ်ယောက်ကိုတောင် ကျွန်မကုပေးဖြစ်ခဲ့ပါတယ်” လို့ ဒေါက်တာသဲမြတ်ချိုက ပြောပြပါတယ်။

UNICEF Myanmar
UNICEF Myanmar/2022/Nyan Zay Htet
မသင်းယမုံက သားသမီးတွေ နေမကောင်းဖြစ်တဲ့အခါ ဆေးဖိုးကုန်ကျစရိတ်အတွက် စိတ်ပူစရာမလိုတော့လို့ စိတ်သက်သာရရခဲ့ပါပြီ

“ကလေးရဲ့မိသားစုက သူတို့အိမ်နီးချင်းတွေပြောတဲ့ လိမ်းဆေးတွေလိမ်းခဲ့ကြတယ်၊ ဒါပေမဲ့ ယားနာတွေက ပိုးဝင်ပြီး ကလေးက အဖျားပါတက်လာတယ်။ တစ်မိသားစုလုံးမှာလည်း ယားနာတွေရှိတာကျွန်မတွေ့တယ်၊ ကျွန်မညွှန်းပေးလိုက်တဲ့ ပိုးသတ်ဆေးသုံးပြီးတော့ သူတို့သက်သာသွားကြတယ်။”

ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုကို တိုးမြှင့်ဖို့နဲ့ ဆက်သွယ်ရေး အခက်အခဲတွေကို ကျော်လွှားဖို့အတွက် Bright Start  က Viber chatbots တွေကတစ်ဆင့် ဒစ်ဂျစ်တယ် ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လအထိမှာ  ဒီအစီအစဉ်က အသက် ငါးနှစ်အောက်ကလေးငယ် ၁၈,၀၀၀ နဲ့ အသက် ခုနစ်နှစ်အောက်ကလေးငယ် ၉,၀၀၀ ကျော်အပါအဝင် စုစုပေါင်းလူဦးရေ ၃၀,၀၀၀ ကျော်ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ပါတယ်။


[၁] ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ အိမ်ထောင်စု ၃၀၆ စုကို ဖုန်းဖြင်ကောက်ယူမေးမြန်းခဲ့သည့် ယူနီဆက်စစ်တမ်း