မပေါက်ကွဲသေးသည့်စစ်ကျန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်နိုင်ရန် သင်တန်းက အားပေးထောက်ကူ

မိုင်းအန္တရာယ်အသိပညာပေး

UNICEF Myanmar
UNICEF Myanmar
UNICEF Partner/2021
30 သြဂုတ်လ 2021

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်နှစ်နှစ်ကြာပဋိပက္ခအတွင်း ကျန်ရှိခဲ့သည့် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့်မြေမြှပ်ဗုံးများကြောင့် မကြာသေးမီလများ၌ ကလေးသူငယ်များ အပါအဝင် ပြည်သူများစွာ အသက်သေဆုံးမှုများ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းများကြုံတွေခဲ့ကြရပြီးဖြစ်သည်။ ပြည်သူများအနေဖြင့် တောထဲသို့ဖြတ်သန်းသွားစဉ် (သို့မဟုတ်) သူတို့၏လယ်ယာများကို စိုက်ပျိုးရန် ထွန်ယက်နေစဉ် ဗုံးများပေါ်သို့ တက်နင်းမိခြင်း သို့မဟုတ် မိုင်းကြိုးကို ထိမိခြင်းများ ကြုံကြသည်။

ကလေးသူငယ်များသည် ရှာဖွေတွေ့ရှိသည့်ကျည်ဆန်များဖြင့် ကစားတတ်ကြပြီး၊ အချို့မှာ ယင်းကျည်ဆန်များကို သီကုံး၍ လည်ဆွဲအဖြစ် ဝတ်ဆင်ဆော့ကစားကြသည်။ အချို့သောရွာသားများက ၎င်းတို့၏ ငါးမျှားတံများတွင် ခဲသီးအဖြစ်အသုံးပြုရန်အတွက် ခဲသတ္တုရရှိရန် အမြောက်ဆန်များကို မီးရှို့ကြသည်။

ရသေ့တောင်မြို့နယ် အနီးအနားရှိ လယ်ယာမြေများတွင် မပေါက်ကွဲသေးသည့် ကျည်ဆန်ခွံ အမြောက်အများကို တွေ့ရှိပြီးနောက်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင်၊ UNICEF အနေဖြင့် ယင်းမြို့နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သင်တန်းတစ်ရပ်ကို စီစဉ်ဆောင်ရွက်ခဲ့သည်။

UNICEF အနေဖြင့် ၎င်း၏ မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူတကွ လက်တွဲ၍ ရွာသားများအား ၎င်းတို့တွေ့လာနိုင်ချေရှိသည့် မပေါက်ကွဲသေးသောစစ်ကျန်ပစ္စည်းများနှင့်စပ်လျဉ်း၍ မည်သို့ ဘေးကင်းစွာ ဖြေရှင်းနိုင်ကြောင်း သင်ကြားပြသခဲ့ပါသည်။ မည်သို့သောတွေ့ရှိမှုကိုမဆို ကျေးရွာခေါင်းဆောင်များထံ အကြောင်းကြားရမည်ဟု အကြံဉာဏ်ပြုခဲ့ပါသည်။

သင်တန်းဆရာများသည် မိုင်းအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Explosive Ordnance Risk Education) များမှတဆင့် ဒေသခံပြည်သူများကို ပိုစတာများ၊ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် မြေမြှုပ်မိုင်းများနှင့် စပ်လျဉ်းသည့် သတိပေးအမှတ်အသားများကိုလည်း တပ်ဆင်ခဲ့ကြပြီး၊ ရွာအတွင်း အန္တရာယ်ဇုန်တစ်ဝိုက်ရှိ လက်နက်ကြီးများကို လွှင့်ပစ်ခဲ့ကြသည်။

တာရှည်ခံပြီး၊ အလွန်မြင်သာထင်သာရှိသော ပလတ်စတစ်ကြိုးများကို အသုံးပြု၍ အမြောက်ဆန်များနှင့် မိုင်းများအား မည်သို့ သတိရှိရှိ၊ ဘေးကင်းကင်းဖြင့် ခြံစည်းရိုးခတ် အမှတ်အသားထားနိုင်ပုံကို သင်တန်းဆရာများက ရှင်းပြခဲ့သည်။ သတိပေး အမှတ်အသားများကိုလည်း စိုက်ထားနိုင်ပြီး၊ သို့မှသာ အရွယ်ရောက်ပြီးသူများအပြင်၊ ကလေးသူငယ်များလည်း အန္တရာယ်ကိုနားလည်နိုင်မည်ဖြစ်သည်။ ဗုံးအန္တရာယ်ရှင်းလင်းသည့်ပညာရှင်များ မရောက်သေးခင်အထိ အနီးအနားရှိ မြေယာများတွင် စိုက်ပျိုးထွန်ယက်မှု မပြုရန် လယ်သမားများအား အကြံဉာဏ်ပေးခဲ့ကြပါသည်။

ဘေးကင်းမှုဆိုင်ရာသတင်းစကားများကို ထိရောက်စွာဆောင်ကျဉ်းပေးပြီး၊ ဘေးအန္တရာယ် အလွန်ရှိ သည့်အုပ်စုများ အထူးသဖြင့် ကလေးသူငယ်များအနေဖြင့် အန္တရာယ်များကို နားလည်စေရန် မည်သို့ ကူညီ နိုင်ပုံကို သရုပ်ပြနေသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းအန္တရာယ် လျော့ချရေးမဏ္ဍိုင်(၅) ရပ် (Pillars of Humanitarian Mine Risk Reduction)ကို သင်တန်းက မျှဝေပေးနိုင်ခဲ့သည်။

UNICEF Myanmar
UNICEF Partner/2021
ရှင်းလင်းသောသတိပေးချက် - ရသေ့တောင်မြို့နယ်၊ အန္တရာယ်ဇုန်ရှိ အမှတ်အသား

ကျွန်တော် တို့အနေနဲ့ အဲ့ဒီအရာတွေက ဘာနဲ့တူသလဲဆိုတာ အခုသိပြီ၊ ပြီးတော့ အဲ့ဒါတွေက အန္တရာယ်ရှိပုံမပေါ်ဘဲ၊ ပေါက်ကွဲစေနိုင်တဲ့ အမြောက်ဆန်တွေလို့ ထင်ရင်တောင် အဲ့ဒီအရာတွေကို သွားပြီးမထိဖို့က ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိပါပြီ။

တန်ဖိုးမဖြတ်နိုင်သောသင်တန်း

သင်တန်းအဆုံးတွင် ပါဝင်တက်ရောက်သူများသည် သင်တန်းဆရာများကို ၎င်းတို့၏ကူညီမှု အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ကြပြီး၊ လူအသိုင်းအဝိုင်းတစ်ရပ်လုံးပါဝင်သည့် နောက်ထပ်သင်တန်း တစ်ရပ်ကို စီစဉ်ပေးနိုင်မှု ရှိ၊ မရှိ မေးမြန်းခဲ့ကြသည်။

ပါဝင်တက်ရောက်သူများထဲမှ တစ်ဦးက “ကျွန်တော်တို့ ဒီလိုအလွန်ကြီးမားပြင်းထန်တဲ့ပြဿနာ မျိုးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ အရင်က ဘာဆိုဘာမှ မသိခဲ့ဘူး” ဟုဆိုသည်။ “ကျွန်တော် တို့အနေနဲ့ အဲ့ဒီအရာတွေက ဘာနဲ့တူသလဲဆိုတာ အခုသိပြီ၊ ပြီးတော့ အဲ့ဒါတွေက အန္တရာယ်ရှိပုံမပေါ်ဘဲ၊ ပေါက်ကွဲစေနိုင်တဲ့ အမြောက်ဆန်တွေလို့ ထင်ရင်တောင် အဲ့ဒီအရာတွေကို သွားပြီးမထိဖို့က ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိပါပြီ။” ဤသင်တန်းသည် တန်ဖိုးမဖြတ်နိုင်သော သင်တန်း ဖြစ်ပါသည်။

“ကျွန်မတို့အနေနဲ့ ဒီသတင်းစကားတွေကို ကျွန်မတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ဆီကို ပြောပြလိုက်ပါမယ်။ ဒါပေမယ့် သူတို့အားလုံးကိုလည်း ဒီလိုသင်တန်းမျိုးတွေ တက်ရောက်ခွင့်ရစေ ချင်တယ်။ ကျွန်မတို့ဒီပုံတွေမမြင်ခင်အထိ၊ မြေပြင်က မြေမြှပ်မိုင်းတွေက ဘယ်လိုပုံစံရှိသလဲဆိုတာ သေချာ သိဖို့ ခဲယဉ်းပါတယ်။ ကျွန်မတို့ အထူးသဖြင့် လူငယ်တွေကို ပညာပေးဖို့ လိုအပ်ပါတယ်ရှင့်။”

ဤအဓိကသတင်းစကားများမှာ ဒေသခံအသိုင်းအဝိုင်းအတွက် အလွန်ပင် အသုံးဝင်၍၊ လူ့ အသက် များကိုကယ်တင်ပေးပါသည်။ ဆိုလိုသည်မှာ ၎င်းတို့အနေဖြင့် မိုင်းရှိသည်ဟုသံသယရှိသည့် ဒေသများကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။

သို့သော် စိန်ခေါ်မှုများရှိနေဆဲပင်ဖြစ်ပြီး၊ အကြောင်းမှာ ပြည်သူများမှာ တောနက်ပိုင်းနှင့် အချို့သောမြေယာများသို့ဝင်ရောက်ရန် ကန့်သတ်ခြင်းခံထားရကာ၊ ယင်းနေရာများကို ခြံစည်းရိုးခတ်ရန် သို့မဟုတ် သတိပေးအမှတ်အသားများစိုက်ထူရန် ခွင့်ပြုမထားသောကြောင့်ဖြစ်သည်။