ဆယ်ကျော်သက်ကလေးရဲ့ စိတ်ကျန်းမာရေးကို ပံ့ပိုးပေးနိုင်မယ့် နည်းလမ်း (၄) ခု
ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ရင်း ကိုယ့်ရဲ့ဆယ်ကျော်သက်အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးကိုလည်း မေတ္တာနဲ့ ဂရုစိုက်မှုကိုပြပေးပါ။
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ကိုယ်နဲ့ကိုယ့်ကလေးရဲ့ ဆက်ဆံရေးက အဆင်ပြေတာပဲဖြစ်ဖြစ်၊ အဖုအထစ်လေးတွေ ရှိတာပဲဖြစ်ဖြစ် ကိုယ်က သူ့ကိုချစ်တယ်၊ ပံ့ပိုးပေးနေတယ်ဆိုတာကို ပြဖို့ သိပ်အရေးကြီးတယ်။ ခက်ခဲတဲ့အချိန်တွေမှာ သူ့ကိုလမ်းပြပေးနိုင်တယ်၊ သူ့အတွက် အမြဲရှိပေးနေမယ်ဆိုတာသိအောင် ပြဖို့လိုပါတယ်။
ကိုယ့်ကလေးကို ဘယ်လိုနေလဲ ဘာတွေခံစားနေရလဲလို့ မေးတဲ့အခါမျိုးမှာ သူ့အတွက်ကိုယ်ရှိနေတယ်ဆိုတာပြဖို့ မှတ်ထားရမယ့် အချက်လေးချက်ရှိပါတယ်။
၁။ သူတို့ဘာတွေခံစားနေရလဲဆိုတာ ပြောပြဖို့အားပေးပါ
- ကိုယ့်ကလေးအနေအထားကို သိနိုင်မယ့် နည်းလမ်းတွေကိုရှာထားပါ။ ဒီနေ့သူတို့ဘယ်လိုအခြေအနေရှိလဲ၊ ဘာတွေလုပ်ဖြစ်လဲဆိုတာ မေးပါ။ အလုပ်တစ်ခုခုလုပ်နေရင်း ဥပမာ ညစာစားဖို့ပြင်နေတုန်း အတူတူလာပြင်ပေးဖို့ပြောရင်း သူတို့ရဲ့တစ်နေ့တာအကြောင်း စကားပြောကြည့်ပေါ့။
- ဘာတွေပဲဖြစ်နေဖြစ်နေ ကိုယ်က သူ့အတွက်ရှိနေတယ်ဆိုတာ သူတို့သိပါစေ။ သူတို့ဘယ်လိုခံစားနေရတယ်၊ ဘာတွေတွေးနေတယ်ဆိုတာကို ကိုယ်ကသိချင်တဲ့အကြောင်းလည်းပြပါ။ ရိုးရိုးရှင်းရှင်း အားပေးစကားလေး တစ်လုံးနှစ်လုံးကလည်း သူတို့ခံစားချက်တွေကို ကိုယ့်ကိုထုတ်ပြောပြလာဖို့ အားဖြစ်စေတတ်တယ်။
- သူတို့ခံစားနေရတဲ့ စိတ်ခံစားချက်တွေက တစ်ခါတလေ ကသိကအောက်ဖြစ်ရတယ်ဆိုရင်တောင် အသိအမှတ်ပြုဖို့၊ နားလည်ပေးဖို့ သိပ်အရေးကြီးတယ်။ ကလေးက ကိုယ့်ကိုပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့အချိန်မှာ “အင်း နားလည်တာပေါ့” “ဒါခက်ခဲတဲ့အခြေအနေပဲနော်” ဒါမှမဟုတ်လည်း “ အေးပေါ့ ဒီလိုခံစားရမှာပေါ့လေ” လို့ ပြန်ပြောပေးလို့ရပါတယ်။
- ကိုယ့်ကလေးက ကိုယ်မကြိုက်တာတွေ လုပ်နေရင် အလွယ်တကူ သတိထားမိနိုင်တာပါပဲ။ ဒါပေမဲ့ သူတို့လုပ်နေတဲ့ ကောင်းတဲ့အလုပ်လေးတွေကို မြင်အောင်ကြိုးစားပြီး ချီးကျူးပေးလိုက်ပါ - သူတို့ဘာသာ သန့်ရှင်းရေးလုပ်တာမျိုးလို ပေါ့ပေါ့ပါးပါးအလုပ်မျိုးပဲဖြစ်ဖြစ်ပေါ့။
၂။ ကလေးကိုပံ့ပိုးဖို့ အချိန်ပေးပါ
- အလေ့အကျင့်အသစ်လေးတွေ၊ တစ်နေ့တာလုပ်နိုင်မယ့် ပန်းတိုင်လေးတွေသတ်မှတ်ပြီး အတူတူလုပ်ကြည့်ပါ။ ကျောင်းကခိုင်းထားတဲ့ အလုပ်တွေကြားမှာ အိမ်ဝေယျာဝစ္စလေးတွေ ထည့်လုပ်ခိုင်းလို့ရတယ် ဒါမှမဟုတ်လည်း ညစာမစားခင် အိမ်စာပြီးအောင်လုပ်ဆိုပြီး သတ်မှတ်ပေးတာမျိုး။
- ဆယ်ကျော်သက်ဆိုတာ လွတ်လပ်ခြင်းဆိုတဲ့အဓိပ္ပါယ်ပဲ။ ကိုယ့်ကလေးကို သူတို့နဲ့ သင့်တော်တဲ့ ကိုယ်ပိုင်အချိန် ကိုယ်ပိုင်နေရာ ပေးပါ။ ကြီးပြင်းလာခြင်းရဲ့ ပုံမှန်အစိတ်အပိုင်းထဲမှာ ကိုယ်ပိုင်နေရာတစ်ခုလိုအပ်တာလည်း ပါပါတယ်။
- ကလေးကို သူတို့လုပ်ချင်တဲ့အရာလေးတွေ လုပ်နိုင်အောင် ပံ့ပိုးပေးဖို့ နည်းလမ်းလေးတွေ ရှာကြည့်ပါ။ သူတို့လုပ်နေကျအလုပ်တွေကို ခဏထားပြီး အနားယူဖို့ အားပေးပါ (ကျောင်းအလုပ်တွေ၊ အိမ်အလုပ်တွေ ဒါမှမဟုတ် သူတို့လုပ်နေတဲ့ တခြားအလုပ်တွေကနေပေါ့) ။ ကိုယ့်ကလေးက အားမလိုအားမရဖြစ်နေရင် စိတ်ပျက်နေရင် သူတို့နဲ့အတူ ပြဿနာရဲ့အဖြေရဖို့ ခေါင်းချင်းရိုက်အဖြေရှာကြည့်ပါ။ အထက်စီးကအမိန့်ပေးသလို ဘာလုပ်ရမယ်ဆိုပြီး မပြောမိပါစေနဲ့။
၃။ မပြေလည်မှုတွေကနေ အောင်မြင်အောင် အတူတူအဖြေရှာကြည့်ပါ
- ကိုယ့်ကလေးရဲ့အမြင်ကို နားထောင်ပါ။ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းဖို့ ကြိုးစားပါ။ မမေ့ရမှာက လူတိုင်းစိတ်ဖိစီးမှုရှိကြတယ်ဆိုတာပါပဲ။
- ကိစ္စတစ်ခုကို ဒေါသထွက်နေတဲ့အချိန် မဆွေးနွေးပါနဲ့။ ခဏရှောင်ထွက်လိုက်ပြီး အသက်ကိုဝဝရှူ စိတ်ကိုတည်ငြိမ်အောင်အရင်လုပ်လိုက်ပါ။ ပြီးမှ ဒီကိစ္စကို ဆက်ဆွေးနွေးလို့ရပါတယ်။
- အားပြိုင်တာမျိုး မလုပ်မိပါစေနဲ့။ ကြိုတင်ခန့်မှန်းလို့မရတာတွေ၊ ရွေးချယ်စရာတွေကလည်း အကန့်အသတ်ရှိနေတယ်လို့ တစ်ကမ္ဘာလုံးက ခံစားနေရတဲ့ ခုလိုအချိန်မျိုးမှာ ဆယ်ကျော်သက်လူငယ်တွေအနေနဲ့လည်း ထိန်းချုပ်ထားရဖို့ဆိုတာ ခက်ခဲနေနိုင်ပါတယ်။ ခက်ခဲနေတဲ့အချိန်ဖြစ်တဲ့အတွက် ပြန်ပြီး မပြေမလည်တုံ့ပြန်ဖို့၊ ဩဇာသုံးထိန်းချုပ်ဖို့တွေ လုပ်တာမျိုးထက် ဒီလိုထိတ်ထိတ်လန့်လန့်အချိန်အခါမျိုးမှာ ထိန်းချုပ်ထားတဲ့ သူတို့ရဲ့ဆန္ဒတွေကို ကိုယ်ချင်းစာပေးကြည့်ပါ။
- ကိုယ့်ကလေးအပေါ် ရိုးသား ပွင့်လင်းပါ။ ကိုယ့်မှာလည်း စိတ်ဖိစီးစရာတွေ အများကြီးရှိနေတယ်ဆိုတာ သူတို့သိပါစေ။ ကိုယ့်ရဲ့ခက်ခဲတဲ့ ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်နေလဲဆိုတာ သူတို့ကိုပြပေးခြင်းအားဖြင့် သူတို့ခံစားချက်တွေကလည်း ဖြစ်တတ်တဲ့ခံစားချက်တွေဆိုတာ သူတို့သိသွားစေပါတယ်။
- မပြေလည်မှုတစ်ခုခုရှိတဲ့အခါ ကိုယ်နဲ့ ကိုယ့်ကလေး ဘယ်လိုဖြေရှင်းလို့ရနိုင်လဲဆိုတာ အချိန်နည်းနည်းယူပြီး စဉ်းစားကြည့်ပါ။ ဒီလိုစဉ်းစားမိတာတွေကို ကိုယ့်ကလေးနဲ့လည်း ပြောကြည့်ပါ။ ဒါဆို ဒီစိတ်ကူးအပေါ် သူတို့ဘယ်လိုယူဆလဲဆိုတာ သိနိုင်မှာပါ။
၄။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
အုပ်ထိန်းသူတွေဆိုတာ ကိုင်တွယ်ဖြေရှင်းရတာတွေ သိပ်များပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း စောင့်ရှောက်မှုတွေ ပံ့ပိုးမှုတွေလိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြတာဟာ ကိုယ့်ကလေးကို စံနမူနာပြတဲ့ နည်းလမ်းကောင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။
- စိတ်ဒုက္ခရောက်နေတယ် စိတ်ဆင်းရဲနေတယ်လို့ ခံစားနေရတဲ့အခါမှာ အကူအညီတောင်းဖို့ တွေဝေမနေပါနဲ့။ ဒီလိုခံစားချက်မျိုး ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဘာမှမဖြစ်ပါဘူး။ မိသားစုဝင်တစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ်ရင်ဖွင့်ပြောပြလို့ရမယ့် လူတစ်ယောက်ယောက်ကို ရှာပြီး စကားပြောကြည့်ပါ။
- ကိုယ်နဲ့ပတ်သက်သူတွေအတွက် အချိန်ပေးပါ။ ကိုယ့်ရဲ့ခံစားချက်တွေ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလို့ရမယ့် လူမျိုးကို ရှာထားပါ။ နေ့တိုင်း ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာ သိရဖို့ အချိန်လေးတစ်ခု သပ်သပ်ပေးပြီး သူတို့နဲ့အတူ ရှိနေကြည့်ပါ။
- တစ်နေ့တာအတွင်းမှာ ကိုယ့်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင်၊ စိတ်ဖိစီးမှုတွေ လျော့သွားအောင် ကူညီပေးနိုင်မယ့် အရာလေးတွေလုပ်ဖို့ အချိန်ပေးပါ။ အလုပ်များတဲ့နေ့ပဲဖြစ်ဖြစ် လုပ်စရာသိပ်မရှိတဲ့နေ့ပဲဖြစ်ဖြစ် ကိုယ့်ကိုစောင့်ရှောက်ဖို့ အချိန်ပေးတယ်ဆိုတာ ကိုယ့်အကျိုးအတွက် သိပ်အရေးကြီးပါတယ်။ ကိုယ်နှစ်သက်တဲ့အလုပ်လေးတွေလုပ်တာ၊ တစ်နေ့တာမှာ မိနစ်ပိုင်းလောက်လေး အနားယူတာလေးကလည်း အပန်းပြေဖို့၊ ပြန်အားဖြည့်ဖို့ အထောက်အကူပြုပါတယ်။
- အကျိုးပြုတဲ့ ကိုယ်နဲ့အဆင်ပြေရာ စီမံပုံ နည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ မိတ်ဆွေတွေနဲ့စကားပြောတာ၊ လုပ်ရမယ့်အလုပ်တွေကို စာရင်းလုပ်ထားတာ၊ ကြိုပြီးအစီအစဉ်ဆွဲထားတာ၊ ပုံမှန်လုပ်နေကျအလုပ်လေးတွေလုပ်တာ၊ ကိုယ်ကျေးဇူးတင်ရတဲ့၊ ဂုဏ်ယူရတဲ့အရာတွေအကြောင်း တွေးကြည့်တာ၊ ဂီတဖြစ်ဖြစ် အနုပညာဖြစ်ဖြစ် နေ့စဉ်မှတ်တမ်းရေးတာဖြစ်ဖြစ် ကိုယ်ဝါသနာပါရာ နှစ်သက်ရာအလုပ်လေးတွေလုပ်တာမျိုးလေးတွေပေါ့။
ဤလမ်းညွှန်ပါ အကြောင်းအရာများကို အေဂျင်စီများဆိုင်ရာ အမြဲတမ်းကော်မတီ စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်း ပံ့ပိုးမှု ရည်ညွှန်းအဖွဲ့မှ ဖန်တီးထားပါသည်။