စေတနာ့ဝန်ထမ်းတွေက ကလေးငယ်တွေရဲ့ အသက်တွေကို ဘယ်လိုကယ်တင်ပေးခဲ့ပါသလဲ
ကလေးတိုင်းအတွက် ကျန်းမာရေး

- English
- မြန်မာ
ရခိုင်ပြည်နယ်က တိမ်ညိုစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အသက်လေးနှစ်အရွယ် မင်းကျော်နိုင်လေးတစ်ယောက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တဲ့အချိန်မှာ ရပ်ရွာကျန်းမာရေးဝန်ထမ်း ဒေါ်ဦးခိုင်ဌေးက ကူညီပေးနိုင်ခဲ့ပါတယ်။
ရေဓာတ်ပြန်ဖြည့်ပေးတဲ့ ဆားနဲ့ဇင့်သောက်ဆေးကို သုံးရက်ကြာသောက်ပြီးနောက်မှာ မင်းကျော်နိုင် ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒေါ်ဦးခိုင်ဌေးက မင်းကျော်နိုင် ရဲ့အခြေအနေကို နေ့စဉ်မပြတ်စောင့်ကြည့်ဖို့အတွက် အမေရယ်၊ အစ်မဖြစ်သူရယ်နဲ့အတူတူနေထိုင်တဲ့ မင်းကျော်နိုင် ရဲ့အိမ်ကို တစ်ပတ်ဆက်တိုက် သွားရောက်ကြည့်ရှုပေးခဲ့ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါက ရခိုင်ပြည်နယ်မှာ အသက် ၅နှစ်နဲ့အောက်ကလေးငယ်တွေမှာ အဖြစ်များပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်ဦးခိုင်ဌေးတို့လို အရေးပေါ် အသက်ကယ်ကုသမှုပေးရေး စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းရရှိထားတဲ့ စေတနာ့ဝန်ထမ်းတွေ ရှိထားခြင်းက မိသားစုတွေအတွက် စရိတ်ကြီးတဲ့ ဆရာဝန်ပြသခစရိတ်ကို သက်သာစေပါတယ်။

ဂျပန်နိုင်ငံအစိုးရရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့အတူ ယူနီဆက်က မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (Myanmar Health Assistant Association (MHAA))နဲ့ပူးပေါင်းပြီး ရခိုင်ပြည်နယ် မြို့နယ်ငါးမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေနဲ့ ရောက်ရှိဖို့ခက်ခဲတဲ့နေရာတွေက အားနည်းထိခိုက်လွယ်တဲ့ ပြည်သူတွေအတွက် ရပ်ရွာအခြေပြု မိခင်နဲ့ကလေးကျန်းမာရေးဝန်ဆောင်မှုတွေပေးလျက်ရှိပါတယ်။
ဒေါ်ဦးခိုင်ဌေးနဲ့အတူ စေတနာ့ဝန်ထမ်းနှစ်ဦးတို့က စခန်းအတွင်းက လူဦးရေ ၃,၀၀၀ နီးပါးကို ဝန်ဆောင်မှုပေးနေပြီး MHAA က ပေးတဲ့ ရပ်ရွာဖြစ်ရပ် case စီမံခန့်ခွဲမှု (community case management) သင်တန်းကို စေတနာ့ဝန်ထမ်း ၁၀၀ ကျော်နဲ့အတူ သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
ဒေါ်ဦးခိုင်ဌေးက လိုအပ်တဲ့ကုသမှုတွေ ပေးရုံသာမကဘဲ ကျွန်မတို့ကို နောက်နောင် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အကြံဉာဏ်တွေလည်း ပေးပါတယ်” လို့ မင်းကျော်နိုင်ရဲ့မိခင်က ပြောပြပါတယ်။ “သူက ကျွန်မတို့ကို ကလေးတွေရဲ့လက်တွေကို ဘယ်လိုသန့်ရှင်းပေးရလဲ၊ အစားအစာတွေကို သန့်သန့်ရှင်းရှင်း ဘယ်လိုပြင်ဆင်ရလဲ၊ ရေကိုကျိုချက်ပြီး ဘယ်လိုသောက်ရလဲဆိုတာတွေကိုလည်း သင်ပေးခဲ့ပါတယ်။”

“အစပိုင်းမှာတော့ လူနာအများစုက မမှန်မကန်အကြံပေးသူတွေဆီကရတဲ့ ပဋိဇီဝဆေးတွေကို ကိုသောက်ပြီးကိုယ့်ဘာသာကို ကုသရာရက်ပိုင်းလောက်ကြာမှ ကျွန်မဆီကို ရောက်လာတတ်ပါတယ်။ အများအားဖြင့် အဲ့ဆေးတွေက မှန်ကန်သင့်တော်တဲ့ဆေး မဟုတ်သလို ဆေးပမာဏမမှန်တာတွေ ဖြစ်ကြပါတယ်” လို့ ဒေါ်ဦးခိုင်ဌေးက ပြောပြပါတယ်။ “ဒါပေမဲ့ ကလေးတွေက ကျွန်မနဲ့ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေရဲ့ ကုသစောင့်ရှောက်မှုကြောင့် မြန်မြန်နေကောင်းလာတာကို မြင်ပြီးတဲ့နောက်မှာ မိဘအများစုက အခုဆိုရင် ကျွန်မတို့ဆီကို ချက်ချင်းရောက်လာကြပါပြီ။”
၂၀၂၂ ခုနှစ်အတွင်းမှာ ယူနီဆက်က ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့တဲ့ အသက် ၅ နှစ်နဲ့အောက်ကလေးငယ် အနည်းဆုံး ၁၂,၀၉၅ ဦးအတွက် ဆားနဲ့ဇင့် ရေဓာတ်ဖြည့်သောက်ဆေးများနဲ့ ကုသနိုင်ဖို့ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။