စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကား ၇ ခု

အယူအဆအမှားထဲကနေ အယူအဆအမှန်ကို ခွဲထုတ်ခြင်း

UNICEF
UNICEF Myanmar
UNICEF Myanmar/2018/Kyaw Kyaw Winn
19 မေလ 2022

စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို အမှန်မြင်လာအောင် လုပ်တာက အမည်းစက်စွန်းထင်းမှုတွေကို ပယ်ဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဘယ်လိုအသက်အရွယ်ရှိသူပဲဖြစ်ဖြစ် အကူအညီလိုအပ်လာတဲ့အခါ အကူအညီတောင်းခံဖို့ကို အားပေးတဲ့ အလေ့အထတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်-

 

၁။ ယုံတမ်းစကား - လူတစ်ယောက် စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတာ အဲဒီလူက ဉာဏ်ရည်နိမ့်တယ်ဆိုတဲ့သဘောပဲ။

အဖြစ်မှန် - စိတ်ကျန်းမာရေးဆိုတာ ရုပ်ကျန်းမာရေးလိုပဲ ဉာဏ်ရည်တို့၊ လူမှုရေးအခြေအနေတို့ ဝင်ငွေအတိုင်းအတာတို့နဲ့မဆိုင်ဘဲ လူတိုင်းဖြစ်တတ်တာမျိုးပါ။

 

၂။ ယုံတမ်းစကား - ကိုယ့်မှာ စိတ်ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ အခြေအနေတစ်ခုရှိမှသာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။

အဖြစ်မှန် - လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ စိတ်ချမ်းသာရေးရော စိတ်ကျန်းမာရေးပါ တိုးတက်အောင် တက်တက်ကြွကြွ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း အကောင်းဆုံးဖြစ်အောင် အဆင့်ဆင့်ပြင်ဆင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကိုလည်း ကျင့်သုံးနိုင်ပါတယ်။

 

၃။ ယုံတမ်းစကား - ဆယ်ကျော်သက်တွေအတွက် စိတ်ကျန်းမာရေးအားနည်းတာက ပြဿနာကြီးတစ်ခု မဟုတ်ဘူး။ သူတို့က ဟော်မုန်းအတက်အကျကြောင့်သာ စိတ်အပြောင်းအလဲမြန်တာ၊ အာရုံစိုက်ခံချင်လို့ ဆိုးပြနေတာ။

အဖြစ်မှန် - တစ်ခါတလေတော့ ဆယ်ကျော်သက်တွေက စိတ်အပြောင်းအလဲမြန်တတ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ပဲ ဆယ်ကျော်သက်လူငယ်တွေမှာ စိတ်ကျန်းမာရေးပြဿနာ မရှိနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆို သေကြောင်းကြံစည်မှုက အသက် ၁၀-၁၅ နှစ်ကြားလူငယ်တွေရဲ့ တွေ့ရအများဆုံး သေဆုံးခြင်းအကြောင်းရင်းမှာ ပဉ္စမနေရာမှာရှိပြီး ၁၅-၁၉ နှစ်ကြား ဆယ်ကျော်သက်လူငယ်တွေမှာတော့ စတုတ္ထအများဆုံး သေဆုံးရခြင်းအကြောင်းရင်းဖြစ်ပါတယ်တဲ့။ စိတ်ကျန်းမာရေးအခြေအနေတွေအားလုံးရဲ့ ထက်ဝက်လောက်က အသက် ၁၄ နှစ်အရွယ်မှာ စလေ့ရှိပါတယ်။

 

၄။ ယုံတမ်းစကား - စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်မလာအောင် ဘာနဲ့မှကာကွယ်လို့မရဘူး။

အဖြစ်မှန် -  စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာတာကို ကာကွယ်နိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ လူမှုရေးနဲ့စိတ်ခံစားချက် အရည်အသွေးတွေ အားကောင်းအောင်လုပ်တာ၊ စောနိုင်သမျှစောစော အကူအညီတွေ ပံ့ပိုးမှုတွေ ရအောင်ရှာဖွေတာ၊ ပံ့ပိုးပေးပြီး ချစ်ခင်နွေးထွေးတဲ့ မိသားစုဆက်ဆံရေးရှိတာ၊ အနှောင့်အယှက်ကင်းပြီး အကျိုးပြုတဲ့ ကျောင်းပတ်ဝန်းကျင်ရှိတာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် အိပ်စက်တတ်တာတွေက ဒီအချက်တွေထဲမှာ ပါပါတယ်။

အခက်အခဲကိုကျော်လွှားနိုင်တဲ့အစွမ်းဆိုတာ ကာကွယ်ပေးနိုင်တဲ့ အချက်တွေပေါင်းစပ်မှုပေါ်မှာလည်း မူတည်ပါတယ်။ ပတ်ဝန်းကျင်ကြောင့်၊ တစ်ဦးတစ်ယောက်ကြောင့်ဖြစ်တဲ့ စိတ်ဆင်းရဲစရာသက်သက်ကပဲ စိတ်ကျန်းမာရေး ပြဿနာတွေ ဖြစ်လာစေတတ်တာမဟုတ်ပါဘူး။ အများအားဖြင့် အခက်အခဲကို ကောင်းကောင်းရင်ဆိုင်နိုင်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေမှာ ပင်ကိုဗီဇအရ ခုခံနိုင်စွမ်းအပြင် သူတို့ရဲ့အနားမှာ စိတ်ဓာတ်ခိုင်မာပြီး အားပေးတတ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လူကြီးတွေရှိနေတတ်ကြပါတယ်။ ဒါတွေဟာ ကိုယ်စိတ်ကျန်းမာရေး တိုးတက်စေဖို့အတွက် ပေါင်းစပ်ထားတဲ့အချက်တွေပဲဖြစ်ပါတယ်။

 

၅။ ယုံတမ်းစကား - စိတ်ကျန်းမာရေးမကောင်းတာက ပျော့ညံ့တဲ့လက္ခဏာပဲ၊ လူတစ်ယောက်က စိတ်ဓာတ်သာခိုင်မာရင် ဒီလိုအခြေအနေမျိုးဖြစ်မှာမဟုတ်ဘူး။

အဖြစ်မှန် - စိတ်ကျန်းမာရေးပြဿနာဆိုတာ အားနည်းတာ၊ စိတ်စွမ်းအားမရှိတာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက လူတစ်ယောက်က ဒီလိုဖြစ်ဖို့၊ မဖြစ်ဖို့ ရွေးချယ်နိုင်တဲ့အခြေအနေတစ်ခုလည်း မဟုတ်ပါဘူး။ တကယ်တော့ စိတ်ကျန်းမာရေးပြဿနာတစ်ခုအတွက် အကူအညီတောင်းဖို့ လိုအပ်တယ်ဆိုတာကို သိဖို့က အင်အားနဲ့ သတ္တိသိပ်လိုပါတယ်။ ဘယ်သူမဆို စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်ပါတယ်။

 

၆။ ယုံတမ်းစကား - အတန်းထဲမှာ အဆင့်ကောင်းကောင်းရတဲ့၊ သူငယ်ချင်းတွေအများကြီးရှိတဲ့ ဆယ်ကျော်သက်တွေမှာ ဘာစိတ်ဆင်းရဲစရာမှ မရှိလို့ စိတ်ကျန်းမာရေးပြဿနာရှိမှာ မဟုတ်ဘူး။

အဖြစ်မှန် - စိတ်ကျရောဂါဆိုတာ လူမှုရေးပိုင်း၊ စိတ်ပိုင်းနဲ့ ဇီဝဗေဒပိုင်းနဲ့ဆိုင်တဲ့ အချက်အလက်တွေ ရှုပ်ထွေးတုံ့ပြန်ရာကနေ ဖြစ်လာတဲ့ လူတိုင်းဖြစ်တတ်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခုပါ။ စိတ်ကျရောဂါဆိုတာ လူတစ်ယောက်ရဲ့ စီးပွားရေးအခြေအနေ ဘယ်လိုရှိရှိ၊ အပြင်ပန်းအမြင်မှာ ဘဝက ဘယ်လောက်ပဲ သာယာသာယာ လူတိုင်းဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ကျောင်းမှာထူးချွန်တဲ့လူငယ်တွေဟာလည်း အောင်မြင်မှုရဖို့ ဖိအားတွေရှိနိုင်ပါတယ်။ ဒါက စိုးရိမ်လွန်မှုကို ဖြစ်စေနိုင်တာပါပဲ။ ဒါမှမဟုတ်လည်း သူတို့မှာ အိမ်တွင်းရေးအခက်အခဲတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် သူတို့မှာ ဘယ်လိုနည်းနဲ့မှ အလွယ်တကူ မမြင်နိုင်တဲ့ စိတ်ကျရောဂါတွေ စိုးရိမ်လွန်ကြောင့်ကြမှုတွေ ရှိနေနိုင်ပါတယ်။

 

၇။ ယုံတမ်းစကား - ဆယ်ကျော်သက်အရွယ်မှာ မိဘအုပ်ထိန်းမှုမကောင်းရင် စိတ်ရောဂါဖြစ်နိုင်ပါတယ်။

အဖြစ်မှန် - စီးပွားရေးအဆင်မပြေတာ၊ အလုပ်အကိုင်မရှိတာ၊ အကြမ်းဖက်ခံရတာ၊ အခြေတကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်ရတာတွေနဲ့ တခြားဆိုးရွားတဲ့ အခြေအနေတွေလို အချက်ပေါင်းများစွာဟာ ဆယ်ကျော်သက်လူငယ်တွေအပြင် သူတို့အုပ်ထိန်းသူတွေရဲ့ စိတ်ချမ်းသာမှုနဲ့ စိတ်ကျန်းမာရေးတင်မကဘဲ သူတို့ကြားက ဆက်ဆံရေးတွေအပေါ်လည်း လွှမ်းမိုးမှုရှိနိုင်ပါတယ်။ နွေးထွေးတဲ့မေတ္တာပေးပြီး ပံ့ပိုးပေးတတ်တဲ့မိသားစုက ဆယ်ကျော်သက်လူငယ်တွေလည်း စိတ်ကျန်းမာရေးပြဿနာကြုံရနိုင်သလို လူငယ်တစ်ယောက် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာဖို့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးဖို့ရာ လိုအပ်ချက်ရှိနေတဲ့ အုပ်ထိန်းသူတွေရဲ့လက်အောက်က လူငယ်တွေဟာလည်း စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ကြပါတယ်။ လူငယ်တွေ ကြုံတွေ့ရတဲ့ ဘယ်လိုပြဿနာမျိုးကိုမဆို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် အုပ်ထိန်းသူတွေရဲ့ ပံ့ပိုးမှုက မရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။


ဒီဆောင်းပါးကို ယူနီဆက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ Teacher’s Guide to the Magnificent Mei and Friends ရုပ်ပြဇာတ်လမ်း‌တွဲ ကိုအခြေခံပြီး ရေးသားထားခြင်းဖြစ်ပါတယ်။