ကယားပြည်နယ်ရှိ ဝေးလံခေါင်သီဒေသများမှ ကလေးသူငယ်များအတွက် အခြေခံဝန်ဆောင်မှုများ ပေးအပ်ခြင်း
UNICEF သည် နိုင်ငံတစ်ဝှမ်းရှိ ကလေးများနှင့် မိသားစုများကို ထောက်ပံ့ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်လုပ်ဆောင်နေပါတယ်
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ဆယ့်လေးနှစ်အရွယ် ဂျူးဂျူးဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ကယားပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) စခန်းတစ်ခုမှာ နေထိုင်သူဦးရေ ၃၀၀အနက်မှ တစ်ဦးဖြစ်ပါတယ်။ သူတို့ရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဇရပ်ဖြူကျေးရွာရှိ နေအိမ်မှ စွန့်ခွာထွက်ပြေးလာပြီးကတည်းက အစ်မ၊ အမေတို့နဲ့အတူ စခန်းမှာနေထိုင်ခဲ့ကြပါတယ်။ ဖခင်ကတော့ နေရပ်မှာ တစ်ယောက်တည်း ကျန်နေရစ်ခဲ့ပါတယ်။
UNICEF နဲ့ Karuna Mission Social Solidarity (ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း((KMSS)) - လွိုင်ကော်တို့မှ ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှုများကို စခန်းသို့ မယူဆောင်လာခင်အထိ ဂျူးဂျူးနဲ့ အခြားကလေးအများစုဟာ မကြာခဏ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခဲ့ကြပါတယ်။ အချို့ကတော့ COVID-19 ရောဂါကူးစက်ခံခဲ့ရပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ကလေးများက ကျောင်းမတက်ရဘဲ တစ်နှစ်ကုန်ဆုံးခဲ့ရပါတယ်။ ကလေးအများစုမှာ နေအိမ်များအနီးဖြစ်ပွားတဲ့တိုက်ပွဲများနဲ့ အမြောက်သံများကြောင့် စိတ်ကျန်းမာရေး ပြဿနာများ ခံစားနေကြရပါတယ်။
ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေဟာ မည်သည့်အကျပ်အတည်းများမှာမဆို အထိခိုက်လွယ်ဆုံးသူများဖြစ်ကြပြီး မြန်မာနိုင်ငံရှိအခြေအနေတွေက သူတို့အတွက် အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမီရရှိဖို့ ခက်ခဲစေပါတယ်။
UNICEF နဲ့ KMSS တို့က ဂျပန်နိုင်ငံအစိုးရရဲ့ ငွေကြေးထောက်ပံ့မှုဖြင့် စခန်းများ၊ ခိုလှုံရာနေရာများနဲ့ တောတောင်များထဲက လူပေါင်း ၅၀,၀၀၀ အတွက် ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှုများ ပံ့ပိုးပေးဖို့ အတူတကွ လုပ်ဆောင်လျက်ရှိပါတယ်။ အထိခိုက်အလွယ်ဆုံးသော စစ်ဘေးရှောင်ပြည်သူများရှိရာ ကယားပြည်နယ် မြို့နယ် ၃ ခုရှိ အမျိုးသမီးများနဲ့ ကလေးသူငယ်များက တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ လက်ခံရရှိခဲ့ကြပါတယ်။ ရပ်ရွာသောက်သုံးရေစနစ် (ရေစစ်အိုး)၊ လက်ဆေးဖို့နေရာနဲ့ အရေးပေါ်အိမ်သာများအပါအဝင် ရေပေးဝေမှုစနစ်ကိုလည်း ပြန်လည် ပြုပြင်ပြီးဖြစ်ပါတယ်။
“အခု သမီးတို့စခန်းမှာ သောက်ရေအိုးနဲ့ လက်ဆေးဖို့နေရာရှိနေပါပြီ။ အိမ်သာတွေလည်း အလုံအလောက်ရှိပြီဆိုတော့ အပြင်မှာလည်း စောင့်စရာမလိုတော့ဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကိုလည်း ရထားပါတယ်။ လူတွေသာ ဒီလို ထောက်ပံ့မှုမျိုး မရခဲ့ကြရင် နေထိုင်မကောင်းတာတွေ ဖြစ်နိုင်တယ်၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဆို ဓမ္မတာလာချိန်ကို စိုးရိမ်နေကြပါတယ်” လို့ ဂျူးဂျူးက ပြောပြပါတယ်။
David John က ဂျူးဂျူးတို့စခန်းလို နေရာတွေကို ရေသန့်နဲ့ သန့်ရှင်းရေးဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတဲ့ KMSS-Loikaw က စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။
“ကျွန်တော်လည်း IDP တစ်ယောက်ဖြစ်ပြီး အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပါတယ်” လို့ David John က ဆိုပါတယ်။ “ကျွန်တော်ရဲ့မွေးချင်းတွေအပါအဝင် ကလေးငယ်တော်တော်များများဟာ ကျောင်းပညာရေးကိုလည်း ရရှိဖို့ ခက်ခဲနေပါတယ်။ အလွယ်တကူ ရွှေ့ပြောင်းလို့ရတဲ့ သောက်သုံးရေကလည်း မလုံလောက်တဲ့အပြင် ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း လက်လှမ်းမမီနိုင်ကြပါဘူး။ ကလေးတွေရဲ့ အသက်ကို ကယ်တင်ဖို့ KMSS-Loikaw နဲ့ လက်တွဲလုပ်ရတာကို ဝမ်းသာပီတိဖြစ်ရပါတယ်၊ ကိုယ့်ရပ်ရွာအကြောင်းကို သိရှိပြီး ပံ့ပိုးပေးနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်တယ်လို့ မြင်ပါတယ်။”
စခန်းအုပ်ချုပ်ရေးကော်မတီက UNICEF မှ ပံ့ပိုးကူညီပေးထားတဲ့ သင်ကြားရေးစင်တာတစ်ခုကို စီမံခန့်ခွဲနေပါတယ်။ ဂျူးဂျူးက သူ့ရဲ့ အရင်ကျောင်းက သူငယ်ချင်းနှစ်ဦးနဲ့အတူ Grade 8 မှာ တက်ရောက်နေပါတယ်။ “သမီးက စာရေးရတာကြိုက်တယ်။ အထူးသဖြင့် ကဗျာရေးရတာ ကြိုက်တယ်။ သင်္ချာကိုတော့ အကြိုက်ဆုံးပဲ။ အားကစားထဲမှာဆိုရင်တော့ ကြက်တောင်ကို အကြိုက်ဆုံးပါ။”
“အခုကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီမှာက သမီးအိမ်နဲ့တော့ မတူဘူးလေ။ နေ့တိုင်းနေ့တိုင်း အမြန်ဆုံး ငြိမ်းချမ်းဖို့ဆုတောင်းပါတယ်။ သမီးရဲ့အိပ်မက်ကတော့ ကျောင်းဆရာမတစ်ယောက် ဖြစ်ဖို့ပါ။" လို့ ဂျူဂျူးက ပြောပြပါတယ်။